ဖြူးမှာ လက်နက်ကြီးကြောင့် ကလေးအပါအဝင် အရပ်သားနှစ်ဦး ဒဏ်ရာရ
2023.10.04

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဖြူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ အောက်တိုဘာလ ၂ ရက် ညပိုင်းမှာ ငတိုးခင်ရွာထဲ ကျရောက် ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာလ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီခွဲအချိန်က စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၃၀၇ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး အသက် ကိုးနှစ်အရွယ် နော်နီလာထွေးနဲ့ အသက် ၄၆ နှစ်အရွယ် တီးဇော်မင်း တို့ ဒဏ်ရာရခဲ့တာပါ။
ခမရ- ၃၀၇ ဟာ အရပ်သားတွေနေထိုင်တဲ့ ရွာတွေဘက်ကို အဲဒီနေ့က လက်နက်ကြီးကျည် ရှစ်လုံးအထိ ပစ်ခတ်ခဲ့ တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒဏ်ရာရသူတွေ ဟာ ဆေးခန်းတစ်ခုမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေ မယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာလည်း စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ကျောက်ကြီး မြို့နယ် ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေးကော်မတီက အောက်တိုဘာလ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာလအတွင်းမှာ လက်နက်ကြီး ပစ်ခတ်မှု ၈၆ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား အမျိုးသားနှစ်ဦး သေဆုံး ကာ ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ရဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ် အစီရင်ခံစာအရ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေး ဒုက္ခသည် ၂၁၆,၇၅၄ ဦး ရှိနေပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ အရပ်သား ၈၁၆ ဦး သေဆုံးခဲ့ပြီး၊ ၁၆၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။