ရေတာရှည်မှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ၊ ဒေသခံငါးရာကျော် ထွက်ပြေးနေရ

တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းကနေ ရှစ်ကြိမ်လောက် လာရောက်ပစ်ခတ်ခဲ့တာကြောင့် ပိတောက်ကုန်းနဲ့ အင်းကြီးပေါက်ရွာက ဒေသခံငါးရာကျော် ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်က တွေ့ရစဉ်။ ရဲဘော်တော်လှန်ရေး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာအနီးမှာ နိုဝင်ဘာလ ၁၇ ရက်၊ မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဆွာမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ- ၁၉) က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းကနေ ရှစ်ကြိမ်လောက် လာရောက်ပစ်ခတ်ခဲ့တာကြောင့် ပိတောက်ကုန်းနဲ့ အင်းကြီးပေါက်ရွာက ဒေသခံငါးရာကျော် ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် ဒဏ်ရာရသူတွေက ရွာသစ်ကုန်းရွာခံ အသက် ၄၀ ခန့်အရွယ် ဦးသိန်းဝင်းနဲ့ အသက် ၃၀ ခန့်အရွယ် ကိုကြီးကျော်တို့ဖြစ်ပြီး လက်နဲ့ ပေါင်တွေမှာ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

အသက် ငါးနှစ်အရွယ် ကလေးတစ်ဦးလည်း လက်နက်ကြီးပေါက်ကွဲအားကြောင့် သတိမေ့သွားတယ်လို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံ ရဲဘော်တော်လှန်ရေးက RFA ကို ပြောပါတယ်။

“မနက် ၉ နာရီလောက် ခမရ-၁၉ ကပစ်တဲ့လက်နက်ကြီးက ဆွာရွာမကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရဲ့ အရှေ့ ဘက် ဘုန်းကြီးကျောင်းအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ တစ်လုံးပေါ့။ အဲတစ်လုံးက အနီးကသွားနေတဲ့ လမ်းသွားလမ်းလာနှစ်ယောက်ကို လက်နက်ကြီးစ ထိသွားတယ်။ အမည်မသိတဲ့ ငါးနှစ်ကလေးတစ်ဦးလည်း လက်နက်ကြီးပေါက်ကွဲအားကြောင့် မေ့မျောသွားတယ်။ တိုက်ပွဲအတွင်းထိခိုက်မှုက ဒီလောက်ပဲ သိရသေးတယ်ဗျ”

နိုဝင်ဘာလ ၁၇ ရက် မနက် ၅ နာရီမှာ ပိတောက်ကုန်းရွာဘက်ကို တက်လာတဲ့ စစ်ကြောင်းနဲ့ ပုဝါနီစစ်ကြောင်း (တပ်ရင်း 3501)အပါအဝင် တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မနက် ၁၀ နာရီခန့်မှာ လေကြောင်းနဲ့ ဗုံးကြဲ၊ ပစ်ခတ်တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သလို စစ်ကောင်စီ တပ်သားတွေလည်း ထိခိုက်သေဆုံးမှုများပေမယ့် အရေအတွက်အတိအကျကိုတော့ မသိနိုင်သေးဘူးလို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ ရေတာရှည်မြို့နယ်မှာ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းမှန်ကန်မှုမရှိဘူးလို့ ဒီနေ့ ညနေပိုင်း RFA ကို တုံ့ပြန်ပါတယ်။

“အဲဒီသတင်းမမှန်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ဘက်မှာတော့ အေးဆေးပါ ဘာမှမဖြစ်ပါဘူး။ သက်သက်ဖွနေတာ ဖြစ်ပါလိမ့်မယ်”

ရေတာရှည်မြို့နယ်ထဲမှာ နိုဝင်ဘာလ ၁၆ ရက်မနက်ပိုင်းကလည်း ပိတောက်ကုန်းအုပ်စု၊ ရေတာရှည်လေးရွာ မြောက်ဘက်မှာ ပုဝါနီစစ်ကြောင်း (တပ်ရင်း3501) အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲဖြစ်ချိန်ကလည်း စစ်ကောင်စီတပ် ခမရ- ၁၉ က လက်နက်ကြီးတွေနဲ့ ခြောက်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org