မွန်နဲ့ ပဲခူးမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သုံးဦး သေဆုံး၊ ၁၈ ဦး ဒဏ်ရာရ

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ရွာလေးကျေးရွာတွင် လက်နက်ကြီးစ ထိမှန်ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ ပထမပတ်အတွင်းမှာ အရပ်သားသုံးဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းစစ်ဒေသက စက်တင်ဘာလ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ်နဲ့ ဖြူးမြို့နယ်က အမျိုးသမီးနှစ်ဦးသေဆုံးပြီး မွန်ပြည်နယ် သထုံမြို့နယ်မှာတော့ စစ်ကောင်စီတပ်သားတွေက အရပ်သား လူငယ်နှစ်ဦးကို ပစ်ခတ်ဖမ်းဆီးရာမှာ တစ်ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒီ့အပြင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သူ ၉၁ ဦးအထိရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာတော့ စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ဒီနေ့အထိ ဆက်ရှိနေတယ်လို့ ရေတာရှည်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးတယ်။ နွားတွေလည်း သေတယ်။ ညတုန်းကလည်း ဒရုန်းနဲ့လည်း ကြဲတယ်။ ရွာဖက်တွေမှာတော့ ညဆိုရင် အဖမ်းအဆီးတွေ များတယ်”

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်းမှာ သေဆုံးသူ ၆၆၂ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၁၄၉၂ ဦးအထိ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org