ဝက်လက်မှာ စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ခြမ်းက ရွှေပန်းကုန်းရဲစခန်း အောက်တိုဘာလ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
- 2022-10-17
-
-
-
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ခြမ်းက ရွှေပန်းကုန်းရဲစခန်း အောက်တိုဘာလ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့ မနက် ၇ နာရီဝန်းကျင်ခန့် ရွှေပန်းကုန်းရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ ကြိုးစားချိန် စစ်ကောင်စီတပ်ဘက်က ရုရှားနိုင်ငံထုတ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စင်းနဲ့ လေကြောင်း ပစ်ကူပေးခဲ့တာကြောင့် အနီးနားရွာက ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း သေဆုံးသူတချို့ ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"တော်လှန်ရေးတပ်တွေက စခန်းကိုစီးဖို့ လုပ်တာပေါ့နော်။ သူတို့က အရန်သင့် လေကြောင်းစစ်ကူ ပေးနိုင်တဲ့ အခါကျတော့ အထိအခိုက်တွေတော့ ရှိတယ်ပေါ့နော်။ အတိအကျတော့ ကျနော်လည်း မပြောနိုင်သေးဘူး။ ထိခိုက်ဒဏ်ရာထက်ကို ကျဆုံးတဲ့ရဲဘော်တွေ ပါတယ်ဗျ "
စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်ထဲကို အောက်တိုဘာလ အစကနေစလို့ ကုန်းလမ်းရော ရေလမ်းပါ အသုံးပြုပြီး စစ်ကြောင်းထိုး ဝင်ရောက်နေတာလို့ ဝက်လက်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ တပ်ဖွဲ့ဝင်က ပြောပါတယ်။
ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှုကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ တိုက်ခိုက်မှုဖြစ်ခဲ့တာ မှန်ပေမယ့် အခြေအနေ တိတိကျကျကိုတော့ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
" ဟုတ်တာတော့ ဟုတ်မယ်ဗျ။ မနက်ကတော့ နားစွန်နားဖျား ကြားလိုက်တယ်။ အဲဒီလို တိုက်တယ် ခိုက်တယ် ဆိုတာတော့ ကြားလိုက်တယ်။ သူတို့ ပြောတော့ ပြောနေကြတယ်ဗျ။ သေချာတော့ မသိလိုက်ဘူး"
အောက်တိုဘာလ ၁၆ ရက် မနေ့ညနေ ၃ နာရီဝန်းကျင်မှာလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ သစ်ဆိမ့်ကြီးရွာက နေအိမ် ၃၄ လုံးနဲ့ ကူကြီးရွာက နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့ခဲ့တယ်လို့ GZ Special Task Force - Wetlet အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
သစ်ဆိမ့်ကြီးရွာဟာ အိမ်ခြေ ၃၀၀ ခန့်ရှိသလို ကူကြီးရွာက အိမ်ခြေ ၁၅၀ ခန့်ရှိပြီး စစ်ကောင်စီတပ်သားတွေ မီးဝင်ရှို့သွားတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။