ဝက်လက်မြို့နယ် လှတောရွာကို စစ်ကောင်စီတပ်ဝင်စီးလို့ ဒေသခံနှစ်ဦး သေဆုံး

ဝက်လက်မြို့နယ် လှတောရွာကို အင်အား ၁၀၀ နီးပါး ရှိတဲ့ စစ်တပ်စစ်ကြောင်း စီးနင်းခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လှတောရွာကို ဩဂုတ်လ ၂၈ ရက်နဲ့  ၂၉ ရက်နေ့တွေမှာ အင်အား ၁၀၀ နီးပါး ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း စီးနင်းခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတစ်ဦးက ၃၈ နှစ်အရွယ် ကိုအောင်နိုင်ဦးဖြစ်ပြီး သေဆုံးသူနောက်တစ်ဦးရဲ့ အမည်ကိုတော့ မသိရသေးပါဘူး။

ရုပ်အလောင်းတွေကို လှတောရွာအရှေ့ဘက်မှာ ပြန်တွေ့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လောလောဆယ်အထိ နှစ်လောင်းတွေ့ထားပါတယ်။ လှတောရွာအရှေ့ဘက် ဝက်လက် ကားလမ်းမ အနီးမှာ တွေ့ရတာ။ ဦးခေါင်းနဲ့ ရင်ဘက်  ပွင့်ထွက် ဒဏ်ရာတွေနဲ့ ဆုံးနေ တာပါ။ ရုပ်ပျက်ဆင်းပျက်အနေအထားမို့လို့ နာမည်နဲ့ လူ တွဲဖို့ အတော်ခက်နေတယ်"

ဘယ်သူဘယ်ဝါ ခွဲခြားမသိနိုင်လောက်အောင် ဆိုးဆိုးဝါးဝါး သတ်ဖြတ်ခံထားရတာလို့ သူက ပြောပါတယ်။

လက်ရှိမှာ လှတောရွာ အပါအဝင်  ပုဏ္ဏားရွာ၊ ကျီးကန်တောင်ရွာနဲ့ ကျီးကန်မြောက်ရွာက ဒေသခံ ၄၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၃၀ ရက် ဒီကနေ့မနက် ၆ နာရီကျော်မှာ လှတောရွာကနေ စစ်ကောင်စီတပ် ပြန်ထွက်သွားပြီး ကြေးဇီးကုန်းရွာကို ထပ်မံစီးနင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ  ၂၇ ရက်ကလည်း ဝက်လက်မြို့နယ် ကျီးကန်တောင်ရွာနဲ့ ကျီးကန်မြောက် ရွာတွေကို စစ်ကောင်စီ တပ်တွေ ဝင်ရောက်စီးနင်းပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့  ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၉ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှု တွေကြောင့် ပြည်သူ ၄၀၁၃ ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org