ပြင်ဦးလွင် X-Ray စက် ပြောင်းရွှေ့မယ့်နေရာက ဒေသခံတွေကန့်ကွက်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာမှာ ယာယီထားရှိထားတဲ့ X-Ray စက်ကြောင့် ကျေးရွာအတိုက်အခိုက်ခံရမှာ စိုးရိမ်လို့ ဒီစက်ပြောင်းရွေ့ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
-
ခေမဏီဝင်း
2020-03-19 -
-
-
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာမှာ ယာယီထားရှိထားတဲ့ X-Ray စက်ကြောင့် ကျေးရွာအတိုက် အခိုက်ခံရမှာ စိုးရိမ်လို့ ဒီစက်ပြောင်းရွေ့ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
"ဒီ X-Ray စက်ကို ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ ရွာထိပ်ကိုလာထားတာ အချိန်သုံးလခန့်ရှိပါပြီ၊ ဒီစက်က နေ့တိုင်းတော့ စစ်ဆေးမှုမလုပ်ပေမဲ့ တခါတရံမှာ စစ်ဆေးမှုလုပ်တယ်လို့ ပြောပါတယ်။ ဒီစက်နဲ့စစ်ဆေးတဲ့ အခါမှာ လမ်းတွေပိတ်တာ၊ သွားလာရခက်တာ၊ နောက်တစ်ချက် အဓိကစိုးရိမ်တာကတော့ X Ray စက်ကြောင့် ရွာကိုလက်နက်ကြီးနဲ့ ထုခံရမှာကို စိုးရိမ်နေကြတာပါ"
မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၅ ရက်နေ့က နောင်ချိုဘက် အထွက်က စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်တာဟာ မူးယစ်ဆေးသယ်ဆောင်လာမှုကို စစ်ဆေးနိုင်တဲ့ X Ray စက် ကို ပစ်မှတ်ထားတာလို့ တပ်မတော်က စွပ်စွဲထားပါတယ်။ ဒါကြောင့် ရွာသားတွေက ရွာထိပ်က X Ray စက် တိုက်ခိုက်ဖျက်ဆီးခံရရင် ရွာကိုပါ ထိခိုက်နိုင်တယ်ဆိုပြီး စိုးရိမ်နေကြတာပါ။
X-ray စက်မထားဖို့ ကန့်ကွက်တာ မဟုတ်ကြောင်းနဲ့ ရွာနဲ့လွတ်ကင်းတဲ့နေရာကို ရွေ့ပေးစေချင်တာကြောင့် ကန့်ကွက်တာဖြစ်ကြောင်း ဝက်ဝံကျေးရွာက ဒေသခံ ကိုကျော်ထွန်းလင်း ကပြောပါတယ်။
“လူနေထူထပ်တဲ့ ရွာလယ်ခေါင်မှာထားရင် ပြည်သူတွေကို ပြည်သူတံတိုင်းဖြစ်နေတာပေါ့၊ ဒါမျိုးဂိတ်တွေက ပစ်ခတ်ခံရတယ်။ ပစ်ခတ်ခံရတဲ့အချိန်မှာ အခုဆိုရင် တရုတ်ပြည်နယ်စပ်ကနေ ပြင်ဦးလွင်ထိပစ်ခံရပြီ၊ ရွာလယ် ခေါင်မှာထားရင် မပစ်ဘူးလို့ ဘယ်သူက တာဝန်ယူနိုင်တုန်း"
နေရာပြောင်းရွေ့ပေးဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို စာပေးပို့တောင်းဆိုထားပြီး စက်ထားရှိဖို့နေရာ သုံးခုကိုလည်း အကြံပြုတင်ပြထားတယ်လို့ ပြောကြပါတယ်။
အကြံပြုတင်ပြထားတဲ့နေရာတွေက ဂုတ်တွင်းအတက်လမ်း၊ ထင်းရှုးစိုက်ခင်း(ပိုးစာခြံ)နဲ့ နောင်လုံးကျေးရွာ အလွန်က ပွဲကောက်ဆည်ဝင်ပေါက်လမ်းအနီး ယူကလစ်တောဆိုပြီး တင်ပြထားတယ်လို့ ဆိုပါတယ်။
ဒီစက်ကြီး အနားမှာရှိနေတဲ့အတွက် ကားဘီးပေါက်သံကြားရင်တောင် လက်နက်ကြီးနဲ့ လာပစ်တာလားဆိုတဲ့ အတွေးဝင်လာပြီး စိုးရိမ်နေရတယ်လို့ ဝက်ဝံကျေရွာကဒေသခံ ဦးသက်ဦး က ပြောပါတယ်။
"အထိတ်တလန့်နဲ့နေရတာ၊ ရဲစခန်း၊ ရွာ လူသားတံတိုင်းလာလုပ်တာလို့ တွက်ချက်တယ်။ သူတို့ကျနော်တို့ရွာ ရောက်လာတော့ သွားရေးလာရေးတအားကို ခက်ခဲနေတာ၊ ရွာနားမှာလုံးဝမရှိသင့်ဘူးလို့ ပြောချင်တယ်"
X-Ray စက်ကို မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ ဝက်ဝံကျေးရွာမှာ စက်အသေးထားရှိ ထားတာဖြစ်ပြီး စက်အကြီးနဲ့ ပုံမှန်စစ်ဆေးနေမှုကို လက်တလော ပြင်ဦးလွင်မြို့ အထွက်မှာ စစ်ဆေးနေတာပါ။
ပြင်ဦးလွင်မြို့အထွက်မှာ ထားရှိထားတဲ့ စက်အကြီး ဒီနေရာကို ရွေ့ပြောင်းလာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်မြို့မှာ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ချိန်ကလည်း ဒေသခံတွေက စိုးရိမ်ချက်တွေကို တင်ပြခဲ့ပါတယ်။
အဲဒီတင်ပြချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူပါလာတဲ့ မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ဝက်ဝံကျေးရွာဟာ ရှောင်ကွင်းလမ်းမရှိဘဲ သင့်တော်တဲ့နေရာဖြစ်တဲ့အတွက် အစိုးရကရွှေ့ပြောင်းဖို့ သတ်မှတ်ထားတာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
"စက်နဲ့ပတ်သက်ပြီးတော့ မန္တလေးတိုင်းက မြန်မာနိုင်ငံအတွက် အချက်အခြာကျတဲ့ဒေသဖြစ်ပါတယ်။ တိုင်းဒေသ ကြီးကနေ ဖြတ်သန်းပြီးတော့ လက်နက်ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးတွေ ဖြတ်သန်းလျှက်ရှိပါတယ်။ ဒါကိုလက်ရှိ လုပ်နေတဲ့နေရာက ရှောင်ကွင်းလမ်းတွေများပြားတယ်၊ ရှောင်သွားနေလို့ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတွေ ထိထိရောက်ရောက် မတားဆီးနိုင်ပါဘူး"
ဒေသခံတစ်ဦးဖြစ်တဲ့ ဦးမောင်လေးကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မြေပြင်ကို ကွင်းဆင်းစစ်ဖို့ တောင်းဆိုလိုက်ပါတယ်။
"မြေပြင်အနေအထားကိုမသိဘဲနဲ့ ဒီနေရာလေးကောင်းပါတယ်ဆိုတဲ့ စကားက မှန်ကန်တယ်၊ မမှန်ကန်ဘူး ပြောတဲ့သူကသိပါတယ်။ ကွင်းဆင်းကြည့်ပါ၊ လိုအပ်တဲ့အကူညီ ကျေးရွာက ပူးပေါင်းပါ့မယ်"
တောင်းဆိုချက်တွေ မရဘူးဆိုရင် ဆက်ပြီးဆန္ဒပြတောင်းဆိုသွားမယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။