ရိုဟင်ဂျာတွေအတွက် လစဉ်ထောက်ပံ့ငွေကို ၁ဝ ဒေါ်လာအထိ ကုလသမဂ္ဂတိုးမြှင့်
ပြီးခဲ့တဲ့နှစ်က တစ်လကို ရှစ်ဒေါ်လာအထိ လျှော့ချလိုက်လို့ ကလေးတွေ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရတယ်လို့ WFP က ဆိုပါတယ်။
-
RFA Burmese
2024-01-02 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က ပေးနေတဲ့ လစဉ်ထောက်ပံ့ငွေကို ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး အမေရိကန် ၁ဝ ဒေါ်လာအထိ တိုးမြှင့်လိုက်ပေးလိုက်ပါတယ်။
အဲဒီဒုက္ခသည်တွေကို အရင်က တစ်လထောက်ပံ့ငွေ ၁၂ ဒေါ်လာစီပေးနေရာကနေ ပြီးခဲ့တဲ့နှစ်အတွင်းမှာ တစ်လကို ရှစ်ဒေါ်လာအထိ လျှော့ချလိုက်တဲ့အတွက် ကလေးတွေ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရတယ်လို့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ WFP ညွှန်ကြားရေးမှူး Dom Scalpelli ကပြောပါတယ်။
အဲဒီလိုလျှော့ချခဲ့ရတာဟာ သူတို့ကို ထောက်ပံ့ဖို့ လိုအပ်တဲ့ ဒေါ်လာ ၈၇၆ သန်းရဲ့ တစ်ဝက်လောက်ပဲ အလှူရှင်တွေထံက ရရှိခဲ့လို့ ဖြစ်တယ်လို့ ဆိုပါတယ်။
WFP အရာရှိတွေက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ရေးရာအကြီးအကဲတွေ လက်ရှိတောင်းဆိုနေတဲ့အတိုင်း လစဉ် ၁၂ ဒေါ်လာခွဲ ထောက်ပံ့ဖို့အတွက်ဆိုရင် အလှူငွေအဖြစ် နောက်ထပ် ဒေါ်လာ သန်း ၆ဝ ကျော် ရရှိဖို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ရဲ့ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလအထိ စာရင်းအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ခိုလှုံနေပါတယ်။