လှိုင်သာယာက လူပေါင်း သုံးသိန်းကျော်ကို WFP စားနပ်ရိက္ခာ ထောက်ပံ့
ရန်ကုန်တိုင်း လှိုင်သာယာမှာရှိတဲ့ လူပေါင်း ၃၃၄၀၀၀ ကို စားနပ်ရိက္ခာ အထောက်အပံ့တွေ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က မနေ့က ထုတ်ပြန်ပါတယ်။
- 2021-06-21
-
-
-
အဘိုးအဘွားကို WFP က ထောက်ပံ့တဲ့ဆန်နဲ့အတူ တွေ့ရစဥ်
Photo: United Nations Myanmar
ရန်ကုန်တိုင်း လှိုင်သာယာမှာရှိတဲ့ လူပေါင်း ၃၃၄၀၀၀ ကို စားနပ်ရိက္ခာ အထောက်အပံ့တွေ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မနေ့က ထုတ်ပြန်ပါတယ်။
မကြာခင်မှာလည်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာ အလားတူအထောက်အပံ့တွေကို စတင်ဖြန့်ဝေပေးသွားမှာ ဖြစ်သလို လှိုင်သာယာကိုလည်း ထပ်မံထောက်ပံ့ဦးမယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အခုထောက်ပံ့ခဲ့တာဟာ တစ်လစာ ဆန်ရိက္ခာတွေဖြစ်ပြီး ဒါဟာနေထိုင်မှုအတည်တကျမရှိသေးတဲ့ အခြေချ သူတွေရှိရာနေရာတွေအပါအဝင် လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးဒေသတွေက ထိခိုက်လွယ်သူ ရပ်ရွာလူထုတွေအတွက် အထောက်အပံ့ဖြစ်စေခဲ့တယ် လို့လည်းဆိုပါတယ်။
WFP အနေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ပေးအပ်နေတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ရပ်တန့်မသွားဘဲ ထပ်တိုးပေးအပ်ကူညီနေတာလို့လည်း WFP ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ပြီးခဲ့တဲ့မေလမှာလည်း ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်က စားနပ်ရိက္ခာ အခက်အခဲရှိသူ လူပေါင်း ၃၄၀,၀၀၀ တို့ထံကို လစဉ် အသက်ကယ်ဆယ်ရေးစားနပ်ရိက္ခာ (ဒါမှမဟုတ်) စားနပ်ရိက္ခာတန်ဖိုးနဲ့ညီမျှတဲ့ ငွေကြေးအကူတွေကို ပေးအပ်ခဲ့တယ်လို့လည်းဆိုပါတယ်။