အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး တောင်ကြီးမြို့မှာ လှုပ်ရှားမှုပြုလုပ်

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အမျိုးသမီး ၇၀ လောက်က ဖဲကြိုးဖြူတွေ ဝတ်ဆင်ပြီး လမ်းလျှောက်ဆုတောင်းခဲ့ကြပါတယ်။

အမျိုးသမီးတွေကို အကြမ်းဖက်မှု ပပျောက်ဖို့အတွက် တောင်ကြီးမြို့ ဗိုလ်ချုပ်ကြေးရုပ်မှာ ဒီဇင်ဘာလ ၂ ရက်နေ့က အမျိုးသမီးအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးဆုတောင်းကြစဉ် Photo: Khun Yarzar/RFA

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် တောင်ကြီးမြို့ မှာ အမျိုးသမီး ၇၀ လောက်က ဖဲကြိုးဖြူတွေ ဝတ်ဆင်ပြီး လမ်းလျှောက်ဆုတောင်းခဲ့ကြပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေဟာ အခုနောက်ပိုင်းမှာ ပိုများလာတဲ့အတွက် ဒီနေ့ လမ်းလျှောက်လှုပ်ရှားမှုမှာ ပါဝင်တာဖြစ်တယ်လို့ ရှမ်းအမျိုးသမီးကြီးအဖွဲ့က ဒေါ်စဝ်မျိုးကြည်က ပြောပါတယ်။

"ကျမအရင်က ဆရာမလုပ်တော့ လူမှုရေးတွေလည်း စိတ်ဝင်စားတယ်၊ အခုကြားရတဲ့ မိန်းကလေးတွေကို အကြမ်းဖက်တာတို့ နောက်ကလေးငယ်တွေ မိန်းကလေးငယ်တွေအပေါ်မှာ အကြမ်းဖက်တာတို့ နောက် ပြီးသွေးဆောင်ဖြားယောင်းပြီး နိုင်ငံရပ်ခြားခေါ်သွားရောင်းစားတာတို့ ဘာတို့ကြားတဲ့အခါတော့ ကျမလည်း သူတို့ကိုသနားတယ်ပေါ့၊ ကျမတို့ခေတ်က ဒါတွေသိပ်မကြားဖူးဘူး၊ ကျမထင်တာကတော့ အရက်သေ စာသောက်စားတာတို့ နောက်စီးပွားရေးနိမ့်ကျတာကြောင့် ဖြစ်နိုင်တာလို့ထင်တယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ဖြစ်ပြီး အဲဒီနေ့ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၂၅ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ရက်နေ့အထိ နိုင်ငံတကာမှာ ၁၆ ရက်ကြာ အမျိုးသမီးအဖွဲ့တွေက အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ဒီကနေ့ တောင်ကြီးမြို့မှာ အမျိုးသမီးတွေက ဖဲကြိုးဖြူဝတ်ဆင်ပြီး နှင်းဆီပန်း အဖြူတစ်ပွင့်စီ ကိုင်ဆောင်ပြီး စိန့်ဂျိုးဇက်ဘုရားကျောင်းကနေ တောင်ကြီးမြို့လယ်က ဗိုလ်ချုပ်ကြေးရုပ်ရှေ့အထိ လမ်းလျှောက်ဆုတောင်း ကြတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများဆုံးဖြစ်ပြီး သူတို့အပေါ် အကြမ်းဖက်မှုတွေ မရှိစေဖို့အတွက်လည်း ဆုတောင်းကြပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ပအိုဝ်းအမျိုးသမီးသမဂ္ဂ၊ ရှမ်းအမျိုးသမီးကြီးအဖွဲ့၊ ရှမ်းအမျိုးသမီးရေးရာလှုပ်ရှားမှုအဖွဲ့၊ ရှမ်းတောင်လူငယ်ကွန်ရက်၊ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေ ပါဝင်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org