မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေကို လူမှုအဖွဲ့အစည်းတွေ ကန့်ကွက်


2018.11.12
land-622.jpg ကရင်ပြည်နယ်က မြေတချို့ကို တွေ့ရစဉ်
Photo: RFA

မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမှာ ပါရှိတဲ့အချက်တွေဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ဓလေ့ထုံးတမ်းအရ စီမံပိုင်ခွင့်တွေကို အသိမှတ်မပြုဘဲ တဖက်သတ်ရေးစွဲထားတဲ့ ဥပဒေဖြစ်တဲ့အပြင် လယ်ယာမြေလုပ်ကိုင်သူတွေကို ကျူးကျော်နေထိုင်စိုက်ပျိုးသူတွေအဖြစ် သတ်မှတ်တဲ့ဥပဒေ ဖြစ်နေတာကြောင့် ဆိုပြီး လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်။

ဒ့ါအပြင် အဲဒီဥပဒေဟာ လုပ်ကွက်ငယ်တောင်သူတွေ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်ပေးရာမရောက်ဘဲ လုပ်ကွက်ကြီးသမားတွေကိုသာ ဦးစားပေးလုပ်ပေးသလိုဖြစ်နေတယ်လို့လည်း ပြောကြပါတယ်။

အဲဒီ ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အစိုးရက ပြဌာန်းလိုက်တာဖြစ်ပါတယ်။ ဒီဥပဒေကို ပြဌာန်းပြီးနောက် ၆ လအတွင်းမှာ စိုက်ပျိုးလုပ်ကိုင်နေသူတွေက သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို လုပ်ပိုင်ခွင့် လာရောက် လျှောက်ထားရမယ်လို့လည်း မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တကယ်လို့ သတ်မှတ်ကာလအတွင်း မြေလွတ်မြေရိုင်း အသုံးပြုခွင့် မလျှောက်ထားတာပဲဖြစ်ဖြစ်၊ ခွင့်ပြုဖို့ မသင့်တဲ့အတွက် ဖယ်ရှားခိုင်းတာကို မဖယ်ပေးရင် ဥပဒေအရ ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ၅ သိန်း ကျခံမှာဖြစ်ပြီး မြေလည်း သိမ်းယူမယ်ဆိုတဲ့ ပြစ်ဒဏ်ကိုလည်း ဥပဒေမှာ ဖော်ပြထားပါတယ်။

မြေလွှတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲရေး ဗဟိုကော်မတီထုတ်ပြန်ချက်အရ ဥပဒေပြဌာန်းပြီး ၆ လအတွင်း လျှောက်ထားရမယ်ဆိုရင် အချိန်မလုံလောက်ဘူးလို့ တိုင်းရင်းသားဒေသခံ အဖွဲ့အစည်းတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံဟာ မြေယာနဲ့ပတ်သက်ပြီး ပြဿာနာတွေ၊ ပဋိပက္ခတွေရှိနေတဲ့ နိုင်ငံဖြစ်တဲ့အပြင် အခုချိန်မှာ ဆိုရင်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်လို နေရာမျိုးတွေမှာ စစ်ဘေးရှောင်နေရတဲ့သူတွေ အများကြီးရှိပြီး သူတို့တွေရဲ့ မြေတွေကို လုပ်ပိုင်ခွင့်ပြန်လျှောက်ဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့အခြေအနေတွေလို့လည်း ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မပြီးခင်ကာလမှာ စစ်ဘေးဒုက္ခသည်တွေဟာ ကိုယ့်ရဲ့ဒေသ၊ လယ်မြေတွေကို စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာဖြစ်ပါတယ်။ နယ်မြေအေးချမ်းသွားရင်တောင်မှ မိုင်းရှင်းလင်းဖို့ ၊ တရားဥပဒေစိုးမိုးဖို့၊ နယ်မြေလုံခြုံဖို့၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ စတာတွေအပြင် ဒီမြေယာဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာပေးဖို့တွေလည်း လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒ့ါအပြင် မြေစာရင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်လက်တွေကို ပြည့်ပြည့်စုံစုံ တိုင်းတာဖို့၊ မြေပုံနဲ့ လက်တွေ့ မြေပေါ်အခြေအနေတွေ တိကျဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အစိုးရက မြေယာစိစစ်တာတွေနဲ့ ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာက အခုလို ပြောပါတယ်။

"နံပါတ် ၁ က လုံးဝမဖြစ်နိုင်တဲ့ကာလ။ ဘာဖြစ်လို့လဲဆိုတော့ အကယ်လို့ Register လုပ်ပြီး ပြန်သွားလုပ်ခွင့် ပေးမယ်ဆိုရင်တောင် Land Record Department က ဘယ်တော့မှ ကျေးရွာအထိ ဆင်းပြီးမလုပ်ဘူးလေ။ အခုလည်းမလုပ်ဘူး အရင်ကလည်း မလုပ်ဘူး။ သူတို့အနေနဲ့ ဆင်းပြီးလုပ်တာက ရုံးမှာထိုင်ပြီး မြေပုံ ဆွဲလိုက်တာပဲ။ ကွင်းမှာ ရှိမရှိ ဆင်းမကြည့်ဘူး။ ဘယ်သူပိုင်မှန်းမသိဘဲ အဲ့ဒီလိုလုပ်နေတယ်"

ဒါ့အပြင် မြေလွတ်မြေလပ်မြေရိုင်းဆိုတာ တိုင်းရင်းသားဒေသတွေမှာ မရှိဘူးဆိုပြီး ၂၀၁၄ ခုနှစ်လောက်ကတည်းက တိုင်းရင်းသားအဖွဲ့အစည်းတွေက ကြေညာထားပြီးတဲ့အကြောင်း၊ တကယ်လို့ အဲ့ဒီဥပဒေအတိုင်း လုပ်ပိုင်ခွင့် လျှောက်လိုက်ရင် တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေ၊ ဓားမဦးချလုပ်ပိုင်ခွင့်တွေ၊ သမိုင်းဝင်နေရာတွေဟာ ပျောက်ကွယ်သွားမှာကို စိုးရိမ်ကြတဲ့အကြောင်းလည်း ပြောပါတယ်။

မြေလွတ်မြေလပ်မြေရိုင်းဥပဒေ ပုဒ်မ ၃၀ (က) မှာတော့ တည်ဆဲဥပဒေ၊ စည်းမျဉ်းတွေနဲ့အညီ တောင်ယာလုပ်ပိုင်ခွင့် ပေးအပ်ထားတဲ့မြေတွေ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစည်းအလာအရ သတ်မှတ်ထားတဲ့မြေတွေ၊ အများပြည်သူနဲ့ တိုင်းရင်းသားများရဲ့ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိ အသုံးပြုနေတဲ့မြေတွေကိုတော့ မြေလွတ်မြေရိုင်းအနေနဲ့ မသတ်မှတ်ဘူးဆိုတာ ပါရှိပါတယ်။

ဒါပေမဲ့ အဲဒီလိုဖော်ပြထားပေမယ့် ရိုးရာဓလေ့မြေနေရာတွေကို ဘယ်လိုအသိမှတ်ပြုမလဲဆိုတဲ့စနစ်တွေ သေသေချာချာမရှိဘဲနဲ့ မြေသိမ်းခံခဲ့ရတဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်လို့ ဒို့မြေကွန်ယက်အဖွဲ့က ကိုစည်သူက ပြောပါတယ်။

"မြေလွတ်မြေလပ် မြေရိုင်းမဟုတ်ဘူးထား၊ ရိုးရာဓလေ့ပါဆိုတာကို တိုင်းရင်းသားတွေဘက်က ဘယ်လို သက်သေပြရမလဲ။ နောက်တစ်ခုက ရိုးရာဓလေ့ဆိုတာ စာရွက်စာတမ်းနဲ့ မှတ်တမ်းတင်ထားတာ မဟုတ်တဲ့အတွက် ရှုပ်ထွေးမှုတွေ အများကြီးရှိစေတယ်။ နှစ်ပေါင်းများစွာ ရိုးရာဓလေ့ကို အော်ခဲ့ပေမယ့် အခုချိန်အထိ အသိမှတ်ပြုတာမရှိဘူး။ ဒီဥပဒေမှာ အဲ့ဒီစာကြောင်းပါလို့ တော်တော်များများက လွတ်မယ်လို့ ယူဆပေမယ့် ဘယ်လိုအသိမှတ်ပြုမှာလဲဆိုတဲ့ System မျိုး ရှင်းရှင်းလင်းလင်း မရှိဘူး"

အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ အသုံးပြုခွင့် မချမှတ်ရသေးတဲ့ မြေယာဧက ၄၅ သန်းရှိပြီး အဲ့ဒီ အထဲက ၈၂ ရာခိုင်နှုန်းဟာ တိုင်းရင်းသားဒေသတွေမှာဖြစ်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာဆိုရင် လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေက သိန်း၊ သောင်းချီတဲ့ မြေဧကပေါင်း များစွာကို ရယူထားကြပြီး စီမံကိန်းမလုပ်တာတွေရှိနေတာတွေကို စိစစ်အရေးယူပေးဖို့ လိုအပ်တယ်လို့လည်း လူမှုအဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

အဲ့ဒီလို မြေဧကများများ လျှောက်ထားမယ့် ရင်းနှီးမြှုပ်နှံသူတွေကိုသာ ဦးစားပေးပြီး မြေ၊ ရေ၊ အင်းအိုင်နဲ့ သစ်တောတွေကို ဘုံပိုင်စနစ်အနေနဲ့ ဒေသစီမံခန့်ခွဲတဲ့စနစ်တွေကို အသိအမှတ်မပြုတဲ့ ဥပဒေလို့လည်း သုံးသပ်ကြပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးရေးလို့ အမည်တပ်ခဲ့ပေမယ့် ဒေသခံတွေအတွက် မဟုတ်ခဲ့ဘူးလို့ မွန်ပြည်နယ်က မြေယာမူဝါဒ ရေးဆွဲရေးကော်မတီဝင် မိခမွန်းက ပြောပါတယ်။

"မြေလွတ်မြေရိုင်းဖြစ်သွားတဲ့အခါမှာ အစိုးရအနေနဲ့ ကုမ္ပဏီတွေကို မက်လုံးပေးပြီးတော့ အခွင့်အရေး ပိုရှိတယ်။ ဒါပေမဲ့ ဒေသခံတွေအတွက်က ကာကွယ်ထားတဲ့ ယန္တရား တိတိကျကျ မရှိသေးဘူး။ ဖွံ့ဖြိုးရေးလို့ နာမည် တပ်လိုက်တယ်။ ဒါပေမဲ့ ဖွံ့ဖြိုးရေးက ဒေသခံအတွက် ဖွံ့ဖြိုးရေးမဟုတ်ဘူး။ ကျမတို့ ပြီးခဲ့တာတွေကို လေ့လာထားတဲ့ အချက်လက်ရပေါ့နော်။ ပြောရမယ်ဆိုရင်"

တိုင်းရင်းသားဒေသခံတွေရဲ့ ဓလေ့ထုံးစံတွေကို အရေးထားဖို့ လိုအပ်သလို မြန်မာနိုင်ငံ စီးပွားရေး ရှေ့ဆက်နိုင်ဖို့ အတွက် မြေယာတွေကို အသုံးပြုဖို့ လိုအပ်တယ်လို့ မကွေးတိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင် ဦးအောင်ကျော်ကျော်က ပြောပါတယ်။

"တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ကို အသိမှတ်ပြုဖို့လိုအပ်သလို တဖက်ကကျတော့ ဒေသတွေရဲ့ ဖွံ့ဖြိုး တိုးတက်ဖို့၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဒီမြေတွေကို ဘယ်လိုအသုံးချရမလဲဆိုတဲ့ ရှုထောင့်ကလည်း ကြည့်သင့်တယ်လို့ ကျနော်ကမြင်တယ်။ သူတို့ပြောသလို အဆိုးဘက်ချည်းတော့လည်း မဟုတ်ဘူးဗျ။ ဒါပေမဲ့ စီမံခန့်ခွဲမှုက ဗဟိုကော်မတီက တော်တော်ညံ့ဖျင်းတယ်လို့ ပြောရမယ်"

မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေပါအချက်တွေဟာ တိုင်ရင်းသား ပြည်သူတွေ မြေယာမဲ့အဖြစ်၊ ရာဇဝတ် ကျူးလွန်သူတွေအဖြစ် ကျရောက်နိုင်ပြီး အကျင့်ပျက်ခြစားတာတွေ၊ မတရား အနိုင်ထက်ပြုတာတွေ၊ ပဋိပက္ခအကြမ်းဖက်တာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ လူမှုအဖွဲ့အစည်းတွေက ဝေဖန်ကြပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွန်း ပေးပို့ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။