ပြည်နယ်ဖံ့ွဖြိုးဖို့ ဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်းမည်
ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ နိုင်ငံတော် သမ္မတ ရဲ့ ညွှန်ကြားချက်နဲ့ လက်ရှိ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးဌာနကို သီးခြားစီ ဖွဲ့စည်းဖို့ ဒီနေ့ ပြည်နယ် လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
-
2019-02-11 -
-
-
ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ နိုင်ငံတော်သမ္မတ ရဲ့ ညွှန်ကြားချက်နဲ့ လက်ရှိ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာနကို သီးခြားစီ ဖွဲ့စည်းဖို့ ဒီနေ့ ပြည်နယ် လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီဝန်ကြီးဌာန သီးခြားစီ ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ ပြည်နယ်လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ဆွေးနွေးခဲ့ပေမယ့် ကန့်ကွက်မှုတွေရှိတာကြောင့် မဲခွဲဆုံးဖြတ်ရာမှာတော့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် သမ္မတက နိုင်ငံတော်နဲ့ ပြည်နယ်ရဲ့ အကျိုးစီးပွားအတွက် မဖြစ်မနေ ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုပြီး ထပ်မံညွှန်ကြားလာတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခဲ့တာဖြစ်ပါတယ်။
အရင်တစ်ကြိမ် ဆွေးနွေးစဉ်ကတည်းက ကန့်ကွက်ခဲ့တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က ဒီနေ့မှာလည်း ထပ်မံကန့်ကွက်ခဲ့ပါတယ်။
ဒေါ်ဂျာဆိုင်းခေါန်က - လွှတ်တော်မှာ တစ်ကြိမ်ဆုံးဖြတ်ပြီးဖြစ်တဲ့ကိစ္စကို အတည်ပြုနိုင်ဖို့အတွက် ထပ်တလဲလဲ လုပ်ဆောင်နေတာဟာ ပြည်နယ်လွှတ်တော် နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာ ကျသလိုဖြစ်နေကြောင်း အားလုံး ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ဖို့လိုကြောင်း ဆွေးနွေးခဲ့ပါတယ်။
အဲဒီလိုကန့်ကွက်မှုတွေ ရှိပေမယ့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက မဲခွဲ ဆုံးဖြတ်တာ မလုပ်တော့ဘဲ သမ္မတရဲ့ ညွှန်ကြားချက်အရဆိုပြီး နှုတ်နဲ့သာ လွှတ်တော်က သဘောတူသလားလို့ မေးမြန်းခဲ့ရာမှာ ကိုယ်စားလှယ်တွေက ထပ်မံကန့်ကွက်တာ မရှိတော့ဘဲ အတည်ပြုဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနအဖြစ် ၂ ခုခွဲပြီး ဖွဲ့စည်းမှာဖြစ်တဲ့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၈ ခု၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ၄ ခု စုစုပေါင်း ၁၂ ခု နဲ့ ပြင်ဆင်ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဝန်ကြီး အမည်စာရင်းကို ပြည်နယ်လွှတ်တော်မှာ အတည်ပြု ခန့်အပ်ရဦးမှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။