ဂျီနိုဆိုက်အကြောင်းဟောပြောတဲ့ ရှေ့နေ ဝီလီယံရှားဘတ်စ်ကို ကျောင်းသားတွေဆန္ဒပြ

ရန်ကုန်တက္ကသိုလ်မှာ မတ်လ ၅ ရက် ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ဥပဒေပညာရှင် ပါမောက္ခ ဝီလီယံရှားဘတ်စ် (William Schabas) ရဲ့ ဥပဒေပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက သပိတ်မှောက်ခဲ့ပါတယ်။

william-622.jpg

ICJ နိုင်ငံတကာတရားရုံးအမှုမှာ မြန်မာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ဥပဒေပညာရှင် ပါမောက္ခ ဝီလီယံ ရှားဘတ်စ် (William Schabas) ဟာ မတ်လ ၅ ရက်- ဒီနေ့မနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ  ဥပဒေပညာရပ်ဆိုင်ရာ ဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး ပါမောက္ခ ဝီလီယံ ရှားဘတ်စ် (William Schabas) က အဓိက ဟောပြောခဲ့တယ်လို့ တက်ရောက်နားထောင်ခဲ့တဲ့ စီးပွားရေးဥပဒေဘွဲ့လွန်ကျောင်းသား ကိုရဲပိုင်ဖြိုးက ပြောပါတယ်။

တက်ရောက်လာတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကလည်း ပြန်လည် မေးခွန်းထုတ်ခဲ့ကြတယ်လို့ ကိုရဲပိုင်ဖြိုးက ပြောပါတယ်။

ဒီဟောပြောပွဲတက်ဖို့ တက္ကသိုလ်အသီးသီးက ဥပဒေပညာဌာန၊ နိုင်ငံရေးသိပ္ပံပညာဌာနနဲ့ နိုင်ငံတကာ ဆက်ဆံရေးပညာဌာနက ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသား တစ်ထောင်လောက် တက်နိုင်အောင် စီစဉ်ဖို့အတွက်လည်း ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတည်းက ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ထားပါတယ်။

ဟောပြောပွဲရဲ့ အပြင်ဘက် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တချို့က ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို ကာကွယ်ပေးနေတဲ့ ပညာရှင်တယောက်ရဲ့ ဟောပြောပွဲကို လက်မခံနိုင်တာကြောင့် ဆန္ဒပြရတာလို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော်က ပြောပါတယ်။

“ICJ မှ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှု လိုချင်တယ်”

ဒီဆန္ဒပြပွဲကို အာဏာပိုင်တွေဘက်က ဟန့်တားတာတော့ မရှိခဲ့ပါဘူး။ ဆန္ဒပြဖို့ အစီအစဉ်ရှိရင် သက်ဆိုင်ရာရဲစခန်းမှာ ကြိုတင်ခွင့်ပြုချက် ယူရပြီး၊ မယူခဲ့ရင် ငြိမ်းစုစီဥပဒေပုဒ်မနဲ့ ဖမ်းဆီးအရေးယူတာတွေ ရှိနေပါတယ်။

ဒီဥပဒေကို လက်မခံနိုင်တာကြောင့် ဒီကနေ့ကန့်ကွက်ဆန္ဒပြပွဲကို အာဏာပိုင်တွေဆီကနေ ကြိုတင်ခွင့်ပြုချက် မယူခဲ့ဘူးလို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော်က RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org