ပါတီအတွင်းရေးကို မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ရေး သားပြောဆိုတာတွေ မလုပ်ဖို့ သတိပေး
ပါတီအတွင်းရေးကိစ္စတွေကို လူမှုကွန် ယက်ပေါ်ရေးတင်တာတွေ သတင်းမီဒီယာတွေကို ပြောဆို တာတွေ မလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ပါတီဗဟိုကော်မတီ ဝင်တွေကို သတိပေးလိုက်ပါတယ်။
-
2017-06-25 -
-
-
ပါတီအတွင်းရေးကိစ္စတွေကို လူမှုကွန်ယက်ပေါ်ရေးတင်တာတွေ သတင်းမီဒီယာတွေကို ပြောဆိုတာ တွေ မလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ပါတီဗဟိုကော်မတီဝင်တွေကို သတိပေးလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုကော်မတီ ၇ ကြိမ်မြောက် အစည်းအဝေးကို ၂ ရက်ကြာကျင်းပပြီးနောက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းထိန် က ပြောခဲ့တာ ဖြစ်ပါတယ်။
"အတွင်းရေးကို အပြင်ကို မီဒီယာတွေပြောတာတွေနော်၊ ကျနော်တို့ထားတဲ့ ပါတီရဲ့ကျင့်သုံးနေတဲ့ အမူအကျင့်နဲ့ မကိုက်တဲ့အတွက်ကြောင့်မို့ အဲဒါတွေမလုပ်ရဘူးလို့ တားမြစ်တာ၊ အခုတားမြစ်ပြီးတော့ သတိပေးလိုက်ပြီ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီက တိုက်တွန်းတယ်၊ သတိပေးလိုက်ပြီ တကယ်လို့ သတိပေးလို့မှမရရင်တော့ ပါတီစည်းကမ်းအရ အရေးယူမယ်ဆိုတာလည်းပဲ တစ်ခါတည်း သတိပေးလိုက်ပြီ"
ဒါ့အပြင် ဦးဝင်းထိန် က ၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးအဖြေရှာပြီး အားလုံး လက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေကြောင်း လည်း ပြောခဲ့ပါတယ်။
နှစ်ရက်ကြာ အစည်းအဝေးကနေ လူငယ်ညီလာခံ ကျင်းပဖို့၊ လိုအပ်တဲ့ရေးရာကော်မတီတွေ ပြန်လည်ဖွဲ့စည်းဖို့ စတဲ့ အချက် ၇ ချက်ကို ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ဗဟိုကော်မတီအစည်းအဝေးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ နိုင်ငံတော်သမ္မတရဲ့ဇနီး၊ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရန်ဗဟိုကော်မတီ ဝင်တွေ စုစုပေါင်း ၁၂၂ ဦး တက်ရောက်ခဲ့ကြပါတယ်။