၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့မရှိကြောင်း လူမှုဝန်ထမ်း ဝန်ကြီး ပြော
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာပါဝင်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ဖို့အကြံပြုချက်ကို အကောင်အထည် ဖော်မှာမဟုတ်ဘူးလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။
-
2018-09-21 -
-
-
ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာပါဝင်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ဖို့အကြံပြုချက်ကို အကောင်အထည် ဖော်မှာမဟုတ်ဘူးလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့တာဖြစ်ပါတယ်။
"၈၂ ကျနော်တို့ လုံးဝမထိဘူး၊ သုံးသပ်ပါတဲ့ မသုံးသပ်ဘူး၊ ဘာကြောင့်လဲ လုပ်စရာမလိုသေးဘူး၊ ကျနော်တို့ ၈၂ နဲ့ပဲ သွားနေတယ်၊ ဒါတွေကိုပဲ ကျနော်တို့ ခိုင်ခိုင်မာမာဆွဲထားပါတယ်၊ တချို့ ကော်မရှင်၊ ကော်မတီလေးတွေ ထပ်ဖွဲ့ဖို့ပြောတယ်၊ မလိုဘူး၊ ကျနော်တို့မှာ အဂတိတိုက်ဖျက်ရေး ကော်မရှင်ရှိတယ်၊ ဒါကြောင့် ဒါမျိုးတွေ ထပ်ဖွဲ့စရာမလိုဘူး၊ ဒါမျိုးတွေ ကျနော်တို့က တုံ့ပြန်တာ၊ အဲလိုတုံ့ပြန်တဲ့ဟာတွေအများကြီးပဲ ကျနော်တို့မှာရှိတယ်"
တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေနဲ့ပတ်သက်ပြီး ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာမှာ နေရာ ၄၂ ခုကိုလျာထားပြီး မောင်တောမြောက်ပိုင်း ဒေသဘက်ကနေ စတင်ဆောင်ရွက် မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ဒေသဒေသလုံခြုံရေးကို အလေးထားဆောင်ရွက်ဖို့ အစည်းအဝေးတိုင်းမှာ ပြောဆိုထားတယ်လို့လည်း ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအချက်အလက်တွေအရ ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှုနိမ့်ကျ တာကြောင့် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အစိုးရက အလေးထား ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး အစိုးရက ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီနေ့ လာရောက်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။