သမ္မတဦးဝင်းမြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်း
တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှာ ဒီနေ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းလာသွင်း သွားကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။
-
အောင်သိင်္ခ၊ ကျော်လွင်ဦး
2020-08-02 -
-
-
တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှာ ဒီနေ့ ကိုယ်စားလှယ်လောင်း အမည် စာရင်း လာသွင်းသွားကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးမယ့် မဲဆန္ဒရှင်စာရင်းတွေကို မှန်ကန်အောင်လုပ်ဖို့ သမ္မတက ရွေးကောက်ပွဲကော်မရှင်ကို ပြောခဲ့တယ်လို့ ဦးကြည်မြင့်က ပြောပါတယ်။
ဇူလိုင် ၂၅ ရက်နေ့မှာ အိမ်ထောင်စုအလိုက် မဲစာရင်းတွေကို စတင်ကြေညာခဲ့ရာမှာ အမှားအယွင်းတွေရှိနေတယ် လို့ သတင်းတွေ ထွက်ပေါ်အပြီးမှာ အခုလို မှာကြားခဲ့တာပါ။
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း မဲစာရင်းတွေကို မှန်ကန်အောင် လိုက်လံစိစစ်နေပြီး အများအားဖြင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးနေပြီလို့ ဦးကြည်မြင့်က ပြောပါတယ်။
မဲဆန္ဒရှင်စာရင်း မှားယွင်းတာတွေ များနေတာကြောင့် NLD ပါတီဝင်တွေအနေနဲ့ မဲစာရင်းမှန်ကန်မှုရှိအောင် ကြိုးစားဆောင်ရွက်ဖို့ ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကလည်း ပါတီဝင်တွေကို တိုက်တွန်းထားပါတယ်။
သမ္မတဦးဝင်းမြင့်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ပါဝင်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ်လို့ ထုတ်ပြန်ထားပြီး ရန်ကုန်တိုင်းအတွင်း မဲပေးနိုင်တဲ့ မဲဆန္ဒရှင် စုစုပေါင်း ၅၆ သိန်းလောက် ရှိနေပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေ သီးသန့်မဲပေးနိုင်ဖို့ တပ်မဲရုံ ၆၃၂ ရုံ သတ်မှတ်ပြီး တပ် ပြင်ပမှာ ထားရှိမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲနည်းပဒေ ၃၉ (က)နဲ့အညီ ပွင့်လင်းမြင်သာမှုရှိစေရန်နဲ့ ရွေးကောက်ပွဲ စောင့်ကြည်လေ့လာသူတွေ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ဖို့အတွက် တပ်မဲရုံတွေကို တပ်ရင်းတပ်ဖွဲ့တွေ အပြင်ဘက်မှာ နေရာသတ်မှတ် တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တပ်တွင်းမဲရုံအားလုံးကို အပြင်ထုတ်မပေးနိုင်ဘဲ၊ တချို့ကို တပ်တွင်းမှာပဲ ဆက်ထားရမယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့ကပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
အရင်က တပ်မဲရုံတွေဟာ တပ်ရင်းတပ်ဖွဲ့တွေထဲမှာရှိပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကကျင်းပတဲ့ လွှတ်တော်မှာ တပ်မဲရုံတွေကို အပြင်မှာထားဖို့အပါအဝင် ရွေးကောက်ပွဲ နည်းဥပဒေ ပြင်ဆင်တဲ့ဥပဒေကို လွှတ်တော်မှာတင်သွင်း ခဲ့ပြီး တပ်မတော်သားတွေက ကန့်ကွက်ခဲ့ပေမယ့် လွှတ်တော်က အတည်ပြုခဲ့ပါတယ်။