စစ်အာဏာသိမ်းမှု မြန်မာ့အမျိုးသမီးသမဂ္ဂ ပြင်းပြင်းထန်ထန် ရှုတ်ချ

စစ်အာဏာသိမ်းတာဟာ ကိုဗစ်ကာလအခက်အခဲတွေကြားက မဲပေးရွေးချယ်ခဲ့တဲ့ လူထုသဘောထားကို မျက်ကွယ်ပြုတာပဲလို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ပြောကြားလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ထဲမှာတွေ့ရတဲ့ စစ်သားတဦး။ Photo: AFP

နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က မတရားသိမ်းယူတာကို မြန်မာ့အမျိုးသမီးသမဂ္ဂက အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။  မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားတာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းတာဟာ ကိုဗစ်ကာလအခက်အခဲတွေကြားက မဲပေးရွေးချယ်ခဲ့တဲ့ လူထုတွေရဲ့ သဘောထားကို မျက်ကွယ်ပြုတာပဲလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ မဇူးပဒုမ္မာက ပြောပါတယ်။

စစ်အာဏာသိမ်းလိုက်တာဟာ ဒီမိုကရေစီရှင်သန်အားကောင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွေ ရပ်တန့်သွားနိုင်တဲ့အပြင် စစ်အာဏာရှင်စနစ်ဆိုးကို ပြန်လည်အသက်သွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်းပြောပါတယ်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့လည်း မဇူးပဒုမ္မာက တိုက်တွန်းပါတယ်။

လူထုတွေရဲ့ သဘောထားကို မျက်ကွယ်ပြုပြီး လက်နက်အသုံးပြု အာဏာသိမ်းတာဟာ အနာဂတ် မြန်မာပြည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့အတွက် စစ်အာဏာရှင် စနစ်အောက် ပြန်လည်မကျရောက်ဖို့ မြန်မာ့အမျိုးသမီးသမဂ္ဂဟာ ပြည်သူတွေနဲ့ အတု ရပ်တည်လုပ်ဆောင်သွားမယ်လို့ ကြေညာချက်မှာလည်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org