ရေမဆေးသမားများအတွက် လုပ်ကွက်ချထားဖို့ တိုင်းအစိုးရ စီစဉ်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးဒေသမှာ ရေမဆေးကျောက်ရှာဖွေသူတွေကို သီးသန့်လုပ်ကွက်တွေချထားပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။
-
2017-12-04 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးဒေသမှာ ရေမဆေးကျောက်ရှာဖွေသူတွေကို သီးသန့်လုပ်ကွက်တွေချထားပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။
ရေမဆေးသမားတွေကို သီးသန့်လုပ်ကွက်တွေချထားပေးဖို့ စိစစ်ရေးအဖွဲ့တွေနဲ့ ခရိုင်ကော်မတီတွေဖွဲ့စည်း ဆောင်ရွက်သွားမှာဖြစ်ပြီး လာမယ့်နှစ်ဆန်းပိုင်းလောက် အကောင်အထည်ပေါ်လာနိုင်မယ်လို့ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။
"ဒီရေမဆေးအဖွဲ့တွေကို လက်လုပ်လက်စား လုပ်ကွက်လေးတွေချပေးမယ်။ ဌာနဆိုင်ရာနဲ့ လုပ်ကွက်တွေ ပြန်စစ်ပြီးတော့ သတ်မှတ်ရဦးမယ်။ သတ်မှတ်ပြီးတော့ လျှောက်လွှာတွေပေါ်မှာ မူတည်ပြီး စိစစ်ရေးအဖွဲ့တွေ၊ နေရာချထားရေးအဖွဲ့တွေကို ပြန်တင်ပြမယ်။ လက်တလောက အဲဒီဘက်မှာ အုပ်ချုပ်မှုပိုင်းမှာ ရပ်ကျေးဥက္ကဌတွေ ကို အပြောင်းအလဲလုပ်ပြီး ပြန်ခန့်ပြီးပြီ။ ဒေသဆိုင်ရာလုံခြုံမှုရအောင်ရယ်၊ လုပ်ကွက်တွေပေါ်မှာ စည်းစနစ် ကျသွားအောင် ဌာနဆိုင်ရာတွေ၊ သတ္တုတွင်းအဖွဲ့တွေကော အားလုံးထားပြီး လုပ်သွားမယ်"
ပြီးခဲ့တဲ့ဇွန်လအတွင်းက ခန္တီးဒေသအတွင်း ကုမ္ပဏီတွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာမှာ လူသေဆုံးမှုတွေရှိခဲ့တာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကုမ္ပဏီတွေကို လုပ်ငန်းလုပ်ခွင့် လက်ရှိအချိန်အထိ ရပ်နားခိုင်းထားပါတယ်။
ရေမဆေးကျောက်ရှာဖွေသူတွေကို သီးသန့်လုပ်ကွက်တွေချထားပေးပြီးနောက်မှသာ ကုမ္ပဏီတွေကိုလည်း လုပ်ငန်းပြန်လည် လည်ပတ်ခွင့်ပေးဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီး ဦးမြင့်ကြည် ကပြောပါတယ်။
ရေမဆေးသမားတစ်ဦးကို လုပ်ကွက် အကျယ်အဝန်းဘယ်လောက်ပေးမယ်၊ သီးသန့်လုပ်ကွက်ရသူတွေအနေနဲ့ အစိုးရကို အခွန်ငွေဘယ်လောက်ပေးသွင်းရမယ်ဆိုတာကို လတ်တလောမှာ မသတ်မှတ်ရသေးကြောင်းနဲ့ စိစစ်ရေး အဖွဲ့တွေက ချထားပေးမယ့်လုပ်ကွက်တွေကို တိုင်းတာပြီးနောက် သတ်မှတ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
ခန္တီးရတနာမြေအတွင်း လုပ်ကွက်ဧကပေါင်း ၉ သောင်းကျော်ရှိပြီး ကုမ္ပဏီတွေကို လုပ်ငန်းလုပ်ပိုင်ခွင့်ချထားပေးတာ ဧက နှစ်သောင်းခန့်ရှိတယ်လို့ သိရပါတယ်။