လစာတိုးတောင်းတဲ့ အလုပ်သမားခုနစ်ဦး အလုပ်ထုတ်ခံရ၊ တစ်ဦးဖမ်းဆီးခံရ
Hosheng Myanmar အထည်ချုပ်စက်ရုံက လစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမားခုနစ်ဦး အလုပ်ထုတ်ခံရပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင်အမျိုးသမီး ဖမ်းဆီးခံခဲ့ရပါတယ်။
-
RFA Burmese
2023-06-14 -
-
-
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Hosheng Myanmar အထည်ချုပ်စက်ရုံမှာ လစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမားခုနစ်ဦး အလုပ်ထုတ်ခံရပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင်အမျိုးသမီး ဇွန်လ ၁၄ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်ထုတ်ခံရသူတွေက မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်း၊ ကိုအောင်အောင်၊ ကိုရဲနိုင်၊ ကိုရဲသွေးလှိုင်နဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် မသူသူစံတို့ဖြစ်ပြီး မသူသူစံကတော့ ဒီနေ့အဖမ်းခံရပြီး စစ်ကြောရေးမှာ စစ်ဆေးခံနေရတာလို့ ဆိုပါတယ်။
အခြေခံလုပ်ခလစာ ၄၈၀၀ ကျပ်ကနေ ကျပ် ၅၆၀၀ တိုးပေးဖို့တောင်းဆိုမှုကို စက်ရုံဆူပူအောင် ရည်ရွည်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ခုနစ်ဦးစလုံး အလုပ်ထုတ်ခံခဲ့ရတာပါ။
ဇွန် ၁၄ ရက်ဒီနေ့ ရွှေပြည်သာမြို့နယ်ထွေအုပ်ရုံးမှာ သွားရောက်ညှိနှိုင်းပြီးအပြန် မသူသူစံကို အရပ်ဝတ်နဲ့ ရဲတွေ ခေါ်ဆောင်သွားတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စက်ရုံအလုပ်သမားတစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ ထွေအုပ်ရုံးကပြန်အထွက်မှာ မသူသူစံကို မေးစရာရှိလို့ဆိုပြီး အဖော် မိန်းကလေးတစ်ယောက်နဲ့ ရဲစခန်းကိုပါသွားတာ။ ရဲစခန်းမှာ အဖော်မိန်းကလေးကို ထားခဲ့ပြီး သူ့ကိုတော့ စစ်ကြောရေးကိုခေါ်သွားတယ်”
ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ကတည်းက မသူသူစံကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ညနေပိုင်းအထိ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
အဲဒီလိုခုနစ်ဦးကို အလုပ်ထုတ်ခံရတဲ့အပေါ် ဇွန်လ ၁၃ ရက် မနေ့ကလည်း စက်ရုံတွင်း အလုပ်သမားတချို့ လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ကြတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက်ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း အဖမ်းခံထားရတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူ သုံးရာကျော်ရှိနေပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ကတော့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေမှာ တိုက်ရိုက် ကြားဝင်တာမျိုးမရှိပေမယ့် ပြဿနာတွေကို သက်ဆိုင်သူ အားလုံး စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ တိုက်တွန်းကြောင်း ၂၀၂၃ ခုနှစ်၊ ဧပြီလထဲမှာ RFA ကို ပြန်လည်ဖြေကြားထားပါတယ်။