လစာတိုးရေးဆက်ပြီး အရေးဆိုမယ်လို့ အလုပ်သမားများဆုံးဖြတ်

လုပ်ခလစာ တိုးပေးရေး တောင်းဆိုနေတဲ့ ဂရင်းရွိုင်ရယ် အရက်ချက်စက်ရုံက အလုပ်သမားတွေက လက်ရှိ အလုပ်ရှင်က တိုးပေးတဲ့နှုန်းထားကို မကျေနပ်တဲ့ အတွက် ဆက်ပြီး အရေးဆိုသွားမယ်လို့ ဒီကနေ့ ပြောဆိုပါတယ်။

မရမ်းကုန်းရှိ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရှာဖွေရေးရုံးတွင် မေလ ၉ ရက်နေ့က စက်ရုံ ၃ ခုမှ အလုပ်သမားများစုပေါင်း တောင်းဆိုနေကြပုံ ဖြစ်ပါသည်။ စက်ရုံ အလုပ်သမားများ အခြေခံ ရပိုင်ခွင့် အတွက် တောင်းဆိုဆန္ဒပြမှုများ ဧပြီလကစပြီး ဆက်တိုက် ဖြစ်ပေါ်နေပါသည်။ RFA

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ ကတည်းက စတင်ပြီး အလုပ်သမားတွေနဲ့
စက်ရုံတာဝန်ရှိသူတွေ၊ အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူတွေ ၃ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှု မရရှိခဲ့ဘဲ အရေးဆိုနေတဲ့ အလုပ်သမားတွေကို စက်ရုံက ဖိအားပေး အရေးယူတာတွေ ပြုလုပ်လာတယ်လို့ အလုပ်သမား ခေါင်းဆောင်တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်သမား ဝန်ကြီးဌာနက ဗိုလ်မှူးကြီး ယုလွင်အောင်နဲ့ ဂရင်းရွိုင်ရယ် အရက်ချက်စက်ရုံက တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ပြီး လုပ်ခလစာ ၆၀၀၀ တိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလုပ်သမားတွေဘက်က လုပ်ခလစာ ၃ သောင်းလောက် တိုးပေးဖို့ တောင်းဆိုထားပါတယ်။

လစာတိုးတောင်းတဲ့ အလုပ်သမားတွေဟာ ညှိနှိုင်းမှုတွေ စတင်တဲ့ ဧပြီ ၂၈ ရက်နေ့ ကတည်းက အလုပ်ဆင်းခွင့် မရဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်က လုပ်ခလစာ ၆၀၀၀ တိုးပေးတာကို လက်ခံတဲ့သူတွေ လက်မှတ်ထိုးရင် စက်ရုံတွင်း ဝင်ခွင့်ပြုမယ်လို့ ဆိုင်းဘုတ်ကပ်ထားကြောင်း အလုပ်သမားတွေက ပြောပါတယ်။

လုပ်ခလစာ ၃ သောင်းတိုးပေးဖို့ တောင်းဆိုထားတာတဲ့အပေါ်မှာ ညှိနှိုင်းတာကိုပဲ အလုပ်သမားတွေဘက်က လိုလားကြောင်း၊ အခုလို တစ်ဘက်သတ် ဆုံးဖြတ်ပြီး ၆၀၀၀ ကျပ် ပဲပေးတာကို လက်မခံနိုင်ကြောင်း အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org