ခုံသမာဓိကောင်စီ အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ၅ ဦးကို ကန့်ကွက်

အလုပ်ရှင် အလုပ်သမားရေးရာအငြင်းပွား မှုဖြေရှင်းရေး ပြည်ထောင်စုအဆင့် ခုံသမာ ဓိကောင်စီမှာ အဖွဲ့ဝင်အဖြစ် ရွေးချယ်ထားတဲ့ အလုပ်သမား ကိုယ်စားလှယ် ၅ ဦးကို ကန့်ကွက်ကြောင်းနဲ့ အသစ်ပြန် လည်ရွေးချယ်ပေးဖို့ အလုပ်သမား ၁၀၀ ခန့်က ဒီကနေ့ မန္တလေးစက်မှုဇုန်မှာ လှည့်လည်ဆန္ဒပြတောင်းဆိုကြ ပါတယ်။

မန္တလေးစက်မှုဇုန် အလုပ်သမားတွေ သြဂုတ်လ ၂၁ ရက်နေ့က လှည့်လည်ဆန္ဒပြနေစဉ် Photo: Hset Paing Toe/RFA

အလုပ်ရှင် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီမှာ အဖွဲ့ဝင် အဖြစ် ရွေးချယ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ် ၅ ဦးကို ကန့်ကွက်ကြောင်းနဲ့ အသစ်ပြန်လည်ရွေးချယ်ပေးဖို့ အလုပ်သမား ၁၀၀ ခန့်က ဒီကနေ့ မန္တလေးစက်မှုဇုန်မှာ လှည့်လည်ဆန္ဒပြတောင်းဆိုကြပါတယ်။

အလုပ်သမားကိုယ်စားလှယ်တွေကို ရွေးချယ်ခဲ့စဉ်က ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် တိုင်းနဲ့ ပြည်နယ်တွေက အလုပ်သမားကိုယ်စားလှယ်တွေ မဲပေးရွေးချယ်ခွင့်မရရှိခဲ့တဲ့ အတွက် ဆန္ဒပြတောင်းဆိုကြတာဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အထက်မြန်မာပြည် တာဝန်ခံ ဦးစောလှအောင်က ပြောပါတယ်။

"အလုပ်သမားဝန်ကြီးဌာနနဲ့ အဲ့ဒီမှာ သူတို့ပုလဲပုနံသင့်တဲ့ အလုပ်သမားသမဂ္ဂအချို့၊ အလုပ်သမားအချို့နဲ့ လက်ဝါးရိုက်ပြီးတော့ အဲ့ဒီရွေးချယ်ပွဲကို ကိုယ့်လူနဲ့ကိုယ်စီစဉ်၊ ကိုယ့်လူနဲ့ကိုယ် မဲပေးပြီးတော့ လက်သိပ် ထိုးရွေးချယ်သွားတယ်၊ ခုံသမာဓိကောင်စီဆိုတာက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေ တင် မဟုတ်ဘူး အလုပ်သမားတစ်ဦးချင်းစီနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ခုံသမာဓိကောင်စီ ပြည်ထောင်စု အဆင့်ဖြစ်တယ်၊ အဲ့ဒီတော့ ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ်ကို တစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားတွေကို တရာဝင်ဖိတ်ကြားခြင်းမရှိပဲနဲ့ ဒီလိုရွေးချယ်သွားခြင်းအပေါ်မှာ အလုပ်သမားထုက လက်မခံပါဘူး၊ လုံးဝကန့်ကွက်ပါတယ်"

လက်ရှိ ရွေးချယ်ထားတဲ့ ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီမှာ အစိုးရဘက်က ၅ ဦး၊ အလုပ်ရှင်ဘက်က ၅ ဦးနဲ့ အလုပ်သမားဘက်က ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၁၅ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်က ရွေးချယ် တင်မြှောက်ထားတာဖြစ်ပါတယ်။

အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ ခုံသမာဓိကောင်စီရဲ့အဆုံးအဖြတ်ဟာ အရေးပါတဲ့ အတွက် အဲ့ဒီကောင်စီမှာ ပါဝင်တဲ့ ကိုယ်စား လှယ်တွေကလည်း အလုပ်သမားတွေအတွက် အရေးကြီးတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ လက်ရှိ ရွေးချယ်ထားတဲ့ ခုံသမာဓိကောင်စီအဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ်တွေ ကို ပယ်ဖျက်ပေးဖို့၊ ကိုယ်စားလှယ်ရွေးချယ် ရာမှာ အလုပ်သမားသမဂ္ဂအားလုံး ပါဝင်ခွင့်ရှိဖို့၊ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ ရွေးချယ်ရေးကော်မရှင် ဖွဲ့စည်းပေးဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ ခုံသမာဓိ အဖွဲ့တွေကိုလည်း အသစ်ဖွဲ့စည်းမှာဖြစ် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org