ဆန္ဒပြလို့ အလုပ်ထုတ်မှုများ ရပ်တန့်ပေးဖို့ ဆန္ဒပြ
စက်ရုံတွေမှာ လုပ်ခလစာတိုးပေးဖို့ တောင်းဆိုကြတဲ့ အလုပ်သမား တော်တော်များများ အလုပ်ထုတ်ခံရတာတွေ ရပ်တန့်ပေးဖို့နဲ့ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ကို ပြင်ဆင်ပေးဖို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်(ယာယီ)က ဦးဆောင်ပြီး ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
-
2014-03-09 -
-
-
စက်ရုံတွေမှာ လုပ်ခလစာတိုးပေးဖို့ တောင်းဆိုကြတဲ့ အလုပ်သမား တော်တော်များများ အလုပ်ထုတ်ခံ ရတာတွေ ရပ်တန့်ပေးဖို့နဲ့ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ပေးဖို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်(ယာယီ)က ဦးဆောင်ပြီး ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
ဒီနေ့ ဆန္ဒပြတောင်းဆိုတဲ့ အချက် ၄ ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ယာယီ) အတွင်းရေးမှူး ကိုသက်နှင်းအောင်က အခုလိုပြောပါတယ်။
"၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ပေး ဖို့လိုပါတယ်၊ မတရားအလုပ်ဖြုတ်မှုတွေ ရပ်တန့်ပေးဖို့နဲ့ မတရားအလုပ်ဖြုတ်တဲ့ အလုပ်ရှင်တွေကို အလိုမရှိတဲ့ အကြောင်းပေါ့နော်၊ နောက်တစ်ချက်ကတော့ အလုပ်သမားတရားရုံး ပေါ်ပေါက်ရေးဖြစ်ပါတယ်၊ လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် တောင်းဆိုတဲ့အခါမှာ အလုပ်ဖြုတ်တာတွေရှိတယ်၊ ဒီလိုတွေဖြုတ်လာလို့ရှိရင် ရှင်းရတဲ့ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေက အလုပ်သမားတွေကို အပြည့်အဝ ကာကွယ်ပေးချင်း မရှိဘူးပေါ့၊ နောက်တစ်ချက်က အဲဒီဥပဒေအတိုင်း ဖြေရှင်းလို့ အလုပ်သမားတွေက ပြေလည်သွားတယ်ဆိုတာ မရှိဘူး"
ဒါ့အပြင် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေဟာ အလုပ်သမားတွေရဲ့ ထိခိုက်နစ်နာမှုတွေနဲ့ ဥပဒေမဲ့ အလုပ်ဖြုတ်တဲ့ အလုပ်ရှင်တွေကို အရေးယူဖို့ အားနည်းနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂအဖွဲ့ချုပ်(ယာယီ) တာဝန်ရှိသူတွေနဲ့ အလုပ်သမား ၇၀ ကျော် ပါဝင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။