၂ဝ၂၁ ခုနှစ်အတွင်း ကမ္ဘာမှာ IDP ဒုက္ခသည် ၅၉ သန်းရှိလာ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ (IDP) ပြည်တွင်းဒုက္ခသည်ဦးရေဟာ ၅၉.၁ သန်း ရှိလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအဖွဲ့ (IOM) ကနေ ကြာသပတေးနေ့က ကမ္ဘာလုံးဆိုင်ရာ IDP ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ နောက်ဆုံးအစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့တာပါ။

Photo: Free Burma Rangers

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ (IDP) ပြည်တွင်းဒုက္ခသည်ဦးရေဟာ ၅၉.၁ သန်း ရှိလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအဖွဲ့ (IOM) ကနေ ကြာသပတေးနေ့က ကမ္ဘာလုံးဆိုင်ရာ IDP ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ နောက်ဆုံးအစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့တာပါ။

ဒီထဲမှာ ၂ဝ၂၁ ခုနှစ် IDP ဒုက္ခသည်အရေအတွက်ဟာ ၂ဝ၂ဝ ခုနှစ်ကထက် ၄ သန်းကျော် တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ - အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ရာသီဥတုကြောင့်လို့ ဆိုပါတယ်။

ရေကြီးမှုနဲ့ မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်ရတဲ့ IDP ဒုက္ခသည်ဦးရေဟာ မနှစ်က ၂၄ သန်းနီးပါးရှိခဲ့ပြီး၊ အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသမှာပါ။

ပဋိပက္ခနဲ့ အကြမ်းဖက်မှုကြောင့်ဖြစ်လာတဲ့ ပြည်တွင်းဒုက္ခသည်ဦးရေကတော့ မနှစ်က ၁၄.၄ သန်းရှိတာကြောင့် ဒီပမာဏဟာ ၂ဝ၂ဝ ကထက် တဝက်နီးပါးလောက် တိုးလာတာဖြစ်ပါတယ်။

အဓိကဖြစ်တဲ့နိုင်ငံတွေကတော့ မြန်မာ၊ အာဖဂန်နစ္စတန်၊ အာဖရိက၊ အီသီယိုးပီးယား၊ ကွန်ဂိုတို့ဖြစ်ကြပြီး၊ ဒီအထဲမှာမှ မြန်မာနဲ့ အာဖဂန်မှာဆိုရင် တခါမှမမြင်ဖူးတဲ့ အရေအတွက်မျိုးကို တွေ့ခဲ့ရတယ်လို့ IOM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် IDP ဒုက္ခသည်ဦးရေဟာ မနှစ်က ၂၂၃,၀၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း ဒီနှစ်ဆန်းမှာ ထုတ်ပြန်ထားတာပါ။

မကြာသေးခင်က ရက်ပိုင်းကလည်း ကရင်ပြည်နယ် သထုံခရိုင် လေးကေဒေသကို မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ်တွေ၊ ရော့ကက်လောင်ချာနဲ့ အမြောက်ကြီးတွေကို အသုံးပြုပြီး ဆက်တိုက် တိုက်ခိုက်နေတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ဒုက္ခသည် ၁ သောင်းကျော်ဟာ ဘေးလွတ်ရာဖြစ်တဲ့ လိုဏ်ဂူတွေထဲမှာ ပုန်းအောင်းနေကြရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ဒုက္ခသည်ဦးရေ ၁ သန်းကျော်သာရှိခဲ့ရာကနေ ဒီနှစ်ကုန်အထိဆိုရင် ၁၄.၄ သန်းအထိ တိုးလာနိုင်တယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ လူဦးရေရဲ့ တဝက်နီးပါးလောက်ဖြစ်တဲ့ လူ ၂၅ သန်းလောက်ဟာလည်း နောက်နှစ်ကုန်မှာ ဆင်းရဲမွဲတေမှုစံနှုန်းထက် နိမ့်ကျတဲ့အဆင့်မှာ ရောက်နိုင်တယ်လို့ ကုလသမဂ္ဂ က သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org