မီဒီယာတွေ ကျင့်ဝတ်နဲ့အညီ ရေးသားဖို့ အစိုးရအကြီးအကဲတွေ တိုက်တွန်း
အစိုးရက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းနေရာမှာ မီဒီယာအခန်းကဏ္ဍကို အရေးထားပြီး မီဒီယာတွေအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အနှောင့်အယှက် ဖြစ်စေမယ့် ပဋိပက္ခအကဲဆတ်မှုတွေ၊ သတင်းမှားတွေ၊ အမုန်းစကားတွေ၊ မျှတမှုမရှိတဲ့ တစ်ဖတ်သတ်သတင်းတွေ ဖော်ပြတာတွေကို ကျင့်ဝတ်နဲ့အညီ စောင့်ထိန်းပေးကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
-
2019-05-03 -
-
-
အစိုးရက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းနေရာမှာ မီဒီယာအခန်းကဏ္ဍကို အရေးထားပြီး မီဒီယာတွေအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အနှောင့်အယှက် ဖြစ်စေမယ့် ပဋိပက္ခအကဲဆတ်မှုတွေ၊ သတင်းမှားတွေ၊ အမုန်းစကားတွေ၊ မျှတမှုမရှိတဲ့ တစ်ဖတ်သတ်သတင်းတွေ ဖော်ပြတာတွေကို ကျင့်ဝတ်နဲ့အညီ စောင့်ထိန်းပေးကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အခုလို တိုက်တွန်းပြောကြားလိုက်တာပါ။
စာနယ်ဇင်းသမားတွေဟာ မီဒီယာဆိုင်ရာအရည်အသွေးတွေကို အစဉ်တစိုက်ကြိုးပမ်းမြှင့်တင်ပြီး ဒီမိုကရေစီအရေးကို ကာကွယ်တဲ့ စာနယ်ဇင်းသမားတွေ ဖြစ်အောင် ကြိုးစားဖို့လည်း သမ္မတက တိုက်တွန်းထားပါတယ်။
အစိုးရအနေနဲ့ လွတ်လပ်တဲ့ မီဒီယာနဲ့ ဒီမိုကရေစီဟာအစဉ်ယှဉ်တွဲနေတယ်လို့ ယုံကြည်ကြောင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ မီဒီယာရဲ့အား မလွဲမသွေလိုအပ်နေတယ်လို့ ခံယူကြောင်း၊ ဒီမိုကရေစီစနစ် အားကောင်းဖို့ မီဒီယာလွတ်လပ်ခွင့် မရှိမဖြစ်အရေးကြီးတာကို အသိအမှတ်ပြုကြောင်းလည်း ပါရှိပါတယ်။
ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကလည်း သဝဏ်လွှာအသီးသီး ပေးပို့ခဲ့ကြပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က သတင်းစာဆရာတွေ အနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်တဲ့နည်းတူ သတင်းသမားတွေ စာနယ်ဇင်းကျင့်ဝတ် လေးစားလိုက်နာရေးနဲ့ ထိန်းသိမ်းမြှင့်တင်ရေးကို ဆောင်ရွက်ပေးဖို့ အထူးတိုက်တွန်းလိုတယ်လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဝဏ်လွှာမှာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိတယ်ဆိုပေမယ့်လည်း အပိုဒ် ၂၉ မှာ တခြားသူရဲ့ အခွင့်အရေး၊ အများပြည်သူ အေးချမ်းသာယာရေးနဲ့ အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် ဥပဒေအရ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ အတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိကြောင်း ပြဌာန်းထားတာကိုလည်း သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။
တဆက်တည်းမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၅၄ မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေသားဖြန့်ဝေခွင့်တို့ကို ပြဌာန်းထားပြီး အဲဒီအခွင့်အရေးကို ရယူကျင့်သုံးရာမှာလည်း နိုင်ငံသားတိုင်း နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်စေရေး တိုက်တွန်းထားတာကြောင့် မီဒီယာတွေအနေနဲ့ လွတ်လပ်မှု၊ မှန်ကန်မှု၊ တရားမျှတမှု၊ ဥပဒေအရ ညီညွတ်မှုရှိတဲ့ သတင်းစကားတွေအတွက် ပြည်သူက အားကိုရတဲ့ သတင်းမီဒီယာတွေအဖြစ် ရပ်တည်နိုင်စေဖို့ ဆန္ဒပြုကြောင်း ဖော်ပြထားပါတယ်။
မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ၁၉၉၃ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုသတ်မှတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်အခမ်းအနားကို ၂၀၁၂ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့လိုက်တာပါ။