ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၁၁၄ သန်းကျော်ရှိကြောင်း ကုလ ထုတ်ပြန်

ကမ္ဘာတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၁၁၄ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂက မနေ့က ခန့်မှန်းလိုက်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ကမ္ဘာတစ်ဝန်းမှာ နေရပ်ကစွန့်ခွာထွက်ပြေးရသူ ဦးရေ ၁၁၄ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခန့်မှန်း ဖော်ပြလိုက်ပါတယ်။

၂၀၂၃ ပထမနှစ်ဝက်မှာ ယူကရိန်း၊ ဆူဒန်၊ မြန်မာနဲ့ ကွန်ဂိုနိုင်ငံတွေက ပဋိပက္ခတွေ၊ အာဖဂန်နစ္စတန်က ကြာညောင်းနေပြီဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာနဲ့ မိုးခေါင်၊ ရေကြီးပြီး လုံခြုံမှုမရှိတဲ့ ဆိုမာလီယာ နိုင်ငံတွေကဖြစ်ရပ်တွေက အိုးအိမ်စွန့်ခွာရတဲ့ အဓိက အကြောင်းအချက်တွေဖြစ်တယ်လို့ ဆိုပါတယ်။

မနှစ်က နှစ်ကုန်ပိုင်းမှာ နေရပ်ရွှေ့ပြောင်းရသူ ၁၀၈ သန်းခွဲနီးပါးရှိခဲ့ပြီး ဒီနှစ် ဇွန်လကုန်မှာ သန်း ၁၁၀ ရှိတယ်လို့ UNHCR နှစ်ဝက်အစီရင်ခံစာမှာ ပါရှိပါတယ်။

စစ်မက်ဖြစ်ပွားမှု၊ ဖိနှိပ်ခံရမှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု စတာတွေကြောင့် စက်တင်ဘာလကုန်ပိုင်းမှာ တစ်ကမ္ဘာလုံးက လူ ၁၁၄ သန်းကျော် နေရပ်က ရွှေ့ပြောင်းရဖွယ်ရှိတယ်လို့ UNHCR က ပြောပါတယ်။

ခုတော့ ကမ္ဘာဟာ ဂါဇာက လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကို အာရုံစိုက်နေကြတယ်လို့ UNHCR အကြီးအကဲ Filippo Grandi က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org