ယူနတီဂျာနယ်ကိစ္စ စိုးရိမ်ကြောင်း စာနယ်ဇင်း အဖွဲ့များ ကြေညာချက်ထုတ်
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ယူနတီဂျာနယ် သတင်းထောက် ၄ ဦး နဲ့ အမူဆောင် အရာရှိချုပ်တို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ အဖွဲ့အစည်း ၄ ဖွဲ့က စိုးရိမ်မကင်းဖြစ်မိကြောင်း ဖေဖေါ်ဝါရီ လ ၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ ပါတယ်။
-
2014-02-03 -
-
-
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ယူနတီဂျာနယ် သတင်းထောက် ၄ ဦး နဲ့ အမူဆောင်အရာရှိချုပ်တို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ အဖွဲ့အစည်း ၄ ဖွဲ့က စိုးရိမ်မကင်းဖြစ်မိကြောင်း ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ကို မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ မြန်မာ ဂျာနယ်လစ်ကွန်ရက်နဲ့ စာရေးဆရာ အသင်းတစ်ခုဖြစ်တဲ့ Pen Myanmar တို့ ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က အခုလိုပြောပါတယ်။
“အဓိကမီဒီယာအဖွဲ့ ၃ ဖွဲ့နဲ့ စာပေအဖွဲ့ ၁ ဖွဲ့ နေ့လယ်မှာတွေ့တယ်၊ တွေ့ပြီးတော့ ၄ ဖွဲ့စလုံးရဲ့ တူညီတဲ့အချက်တွေ အဲဒါဟာကို စာတစ်စောင်ရေးပြီးတော့ မနက်ဖြန်မှာ စာနယ်ဇင်းကောင်စီကိုပို့ဖို့ စီစဉ်ထားပါတယ်၊ စာနယ်ဇင်းကောင်စီက မနက်ဖြန်မှပဲ အစည်းအဝေးရှိတယ်၊ စာနယ်ဇင်းကောင်စီက ဒီကိစ္စကို ဆောင်ရွက်ပေးဖို့ ကျနော်တို့ တိုက်တွန်းထားတဲ့ဟာပါတယ်၊ မီဒီယာအပေါ်မှာ အခုလိုမျိုး ဖမ်းဆီးတဲ့ဟာမျိုးက ဒီဟာမလျော်ကန်ဘူး၊ တရားဥပဒေနဲ့ ကိုက်ညီလား မညီလား မေးခွန်းထုတ်တဲ့ ဟာမျိုး၊ နောက်တစ်ခုက သတင်းမီဒီယာတွေ အချက်အလက်ခိုင်လုံစွာနဲ့ ရေးကြဖို့ဆိုတာမျိုးအပိုင်းကို ကျနော်တို့တိုက်တွန်းထားပါတယ်”
အခုလို ဖမ်းဆီးအရေးယူလိုက်တာဟာ သတင်းသမားတွေအပေါ် ခြိမ်းခြောက်လိုက်တဲ့ အဓိပ္ပါယ်လို့ဆိုနိုင်ပြီး၊ အများပြည်သူသိရှိလိုတဲ့ သတင်းအချက်အလက်တွေ ရယူတင်ပြရတာဖြစ်တဲ့ သတင်းအလုပ်ကိုလည်း ထိခိုက်စေနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့က ထုတ်ဝေခဲ့တဲ့ ယူနတီဂျာနယ်မှာ လျှို့ဝှက်ဓါတုလက်နက်စက်ရုံဆိုတဲ့ သတင်းဆောင်းပါး ဖေါ်ပြခဲ့ပြီးတဲ့နောက်၊ ဂျာနယ်ရဲ့ မကွေးတိုင်း ပေါက်မြို့နယ် ဌာနေသတင်းထောက် ကိုလူမော်နိုင်ကို ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ စွဲချက်တင်ခဲ့သလို၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ဂျာနယ်ရဲ့ အမူဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေဖြစ်တဲ့ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နဲ့ ကိုစည်သူစိုးတို့ကို သတင်းတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးခဲ့ပါတယ်။