၀ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု ၂၃ နှစ်ပြည့် အခမ်းအနားကျင်းပ

၀ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ရဲ့ ဝပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တာ ၂၃ နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ဝထိန်းချုပ်နယ်မြေ မိုင်းပေါက်မြို့ စစ်ရေးပြကွင်းမှာ ကျင်းပရာမှာ ဧည့်ပရိသတ် နှစ်သောင်းခန့် တက်ရောက်တယ်လို့ သိရှိရပါတယ်။

ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ်၂ဝပြည့် အခမ်းအနား ဧပြီ ၁၇ရက်နေ့က ပန်ဆန်းတွင် ကျင်းပစဉ် စစ်ရေးပြနေသော ဝပြည် သွေးစည်းညီညွတ်ရေး (UWSA) တပ်ဖွဲ့များ ဖြစ်ပါသည်။ (Photo Courtesy of UWSA) Photo Courtesy of UWSA

အခမ်းအနားကို တပ်မဟာ ၆၄၈ က ကြီးမှူးကျင်းပတာဖြစ်ပြီး ဝတပ်ဖွဲ့တွေ ၁၉၈၉ ခုနှစ်က ဗကပက ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနား ဖြစ်ပါတယ်။

တပ်မဟာ ၆၄၈ ရဲ့ စစ်သည် ၃၀၀၀ ခန့်က UWSA ဥက္ကဋ္ဌ ပေါက်ယူခြမ်းကို ချီတက်အလေးပြုပါတယ်။ အခမ်းအနားနဲ့ ပတ်သက်ပြီး UWSA ပြင်ပဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ ဦစံကွန်းက-

" ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီးကိုယ်စား ဒုတိယ စစ်သေနာပတိချုပ် ကျောက်ကျုံးသန်းက အမှာစကား မိန့်ခွန်းပြောပါတယ်။ ကျွန်တော်တို့ ဒေသမှာရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ကိုယ်စားလှယ်က စကားပြောတယ်။ ရပ်ဝေး အထူးဧည့်သည်တော် ကိုယ်စားလှယ် ကိုယ်စား မိုင်းလားက ဒုဥက္ကဋ္ဌက စကားပြောတယ်။ ၁၅ မမ တွေ၊ စက်အမြောက်တွေ၊ မြင်းလားတွေနဲ့ ဒီလက်နက်ငယ်တွေ တင်တဲ့ အခမ်းအနားတွေ၊ ကားပေါ်မှာ စက်အမြောက်တွေ တင်တာတော့ နည်းနည်းပါးပါးတော့ ပြတာပေါ့ဗျာ" လို့ပြောပြပါတယ်။

အခမ်းအနားမှာ မိုင်းပေါက်မြို့နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသား ၁၆ မျိုးကလည်း တပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ရေးပြ အခမ်းအနားမှာ ပါဝင်ပါတယ်။

တရုတ်ပြည်က ကိုယ်စားလှယ်တွေ၊ ဝပြည်နယ်အတွင်းက ကိုယ်စားလှယ်တွေအပြင် မိုင်းလားအဖွဲ့လည်း အခမ်းအနားကို တက်ရောက်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေ တက်ရောက်လာတာ မတွေ့ရဘူးလို့ ဦးစံကွန်းက ပြောပါတယ်။

အစိုးရနဲ့ UWSA အပစ်အခတ်ရပ်စဲရေး ပြည်နယ်အဆင့် ဒုတိယအကြိမ် ပြုလုပ်ထားတာဖြစ်ပြီး ပြည်ထောင်စုအဆင့် ဆက်လက်ပြီး ဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က UWSA ဥက္ကဋ္ဌထံ စာပေးပို့ထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ UWSA ဘက်က ဆွေးနွေးမဲ့နေ့ကို အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org