မစ်ယန်ဟီးလီကို ခြိမ်းခြောက်မှု ကုလဝေဖန်
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms. Yanghee Lee မစ် ယန်ဟီးလီ အပေါ်အခုရက်ပိုင်းအတွင်း ခြိမ်းခြောက်ပြောဆိုမှုတွေကို မြန်မာအစိုးရအနေနဲ့ ထိရောက်စွာအရေးယူဖို့ UNHRC ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီရဲ့ အထူးပြသနာများပူးတွဲ ညှိနှိုင်းရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။
-
2015-03-20 -
-
-
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee မစ် ယန်ဟီးလီ အပေါ်အခုရက်ပိုင်း အတွင်း ခြိမ်းခြောက်ပြောဆိုမှုတွေ ကို မြန်မာအစိုးရ အနေနဲ့ ထိရောက်စွာအရေးယူဖို့ UNHRC ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အထူးပြသနာများပူးတွဲ ညှိနှိုင်းရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီကော်မတီရဲ့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက် မှာ အထူးကိုယ်စားလှယ် ယန်ဟီးလီ ကို ပုဂ္ဂိုလ်ရေး အရစော်ကားတဲ့အပြောအဆိုတွေ အသက် အန္တရာယ် ခြိမ်းခြောက်မှုတွေ အခုရက်ပိုင်းအတွင်း အနည်းဆုံး ၂ ကြိမ်ခန့် ပေါ်ပေါက်ခဲ့ကြောင်း၊ အထူးကိုယ်စားလှယ် ရဲ့အစီရင်ခံတင်ပြချက်တွေ၊ ရှုမြင်ချက်တွေ အပေါ် တစ်စုံတစ်ဦးအနေနဲ့ လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိတာ မှန်ပေမဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုက တရားဝင် ခန့်အပ်တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို အခုလို အကြမ်းဖက်ဖို့လှုံ့ဆော်တာတွေ၊ လူသိရှင်ကြား ပုတ်ခတ်ပြောဆိုတာတွေကိုတော့ မည်သည့်နည်းနဲ့မျှ လက်မခံနိုင်ကြောင်း စသဖြင့် ပါရှိပါတယ်။
ဒါ့အပြင် ထပ်ပြန်တလဲလဲ ပေါ်ထွက်ခဲ့တဲ့ အဲဒီ မုန်းတီးစကားတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေအတွက် မြန်မာအစိုးရ မှာ တိုက်ရိုက်တာဝန်မရှိပေမဲ့ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ပြတ်ပြတ်သားသားဆန့်ကျင်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့အညီ လိုအပ်သလို အရေးယူအပြစ်ပေးဖို့ အလေးအနက် တိုက်တွန်းကြောင်းလည်း ဖေါ်ပြထားပါတယ်။
တဆက်တည်းမှာပဲ Ms. Yanghee Lee မစ် ယန်ဟီးလီ အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး တာဝန်တွေကိုကျေပွန် စွာ ထမ်းဆောင်နိုင်ရေးအတွက် မြန်မာ အစိုးရက သူမရဲ့ လုံခြုံရေးကိုတာဝန်ယူစောင့်ရှောက်ပါလို့လည်း ဂျနီဗာမြို့ကလာတဲ့ သတင်းထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ မစိုးရိမ်တိုက် ဆရာတော် အရှင်ဝီရသူ က ယန်ဟီးလီကို သင်ခန်းစာပေးရမယ်လို့ မကြာခင်ကပြောဆိုခဲ့တာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က ပြစ်တင်ဝေဖန် ခဲ့ပြီးနောက် ၂ ရက်အကြာမှာ ပူးတွဲ ညှိနှိုင်းရေးကော်မတီရဲ့ ကြေညာချက် အခုလိုပေါ်ထွက်လာ တာဖြစ်ပါတယ်။