ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သစ် မြန်မာနိုင်ငံ ရောက်ရှိ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ်အဖြစ် အသစ် ခန့်အပ်ခံရတဲ့ မစ္စယန်ဟီလီ Yanghee Lee ဟာ သူရဲ့ပထမ ဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့ညက ရောက်ရှိ လာခဲ့ပါတယ်။
-
2014-07-16 -
-
-
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်အဖြစ် အသစ်ခန့်အပ်ခံရတဲ့ မစ္စယန်ဟီလီ Yanghee Lee ဟာ သူရဲ့ပထမဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့ညက ရောက်ရှိ လာခဲ့ပါတယ်။
မစ္စယန်ဟီလီဟာ ဇူလိုင်လ ၁၇ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဆယ်ရက်ကြာခရီးစဉ် အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ကို စုံစမ်းလေ့လာမှာဖြစ်ပါတယ်။ အထူးသဖြင့် ဘာသာ လူမျိုးဆိုင်ရာ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မကြာခင်က အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့နဲ့ စစ်ပြေးဒုက္ခသည်တွေရှိနေတဲ့ ကချင်ပြည် နယ်တွေကို သွားရောက်ပြီး အခြေအနေတွေ ကို လေ့လာ၊ သတင်းအချက်အလက်တွေ စုဆောင်းမှာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့အခြေအနေတွေကို အမှန်အတိုင်းသိရဖို့ အစိုးရနဲ့ ပြည်သူတွေက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောပြကြဖို့ အရေးကြီးပါတယ်လို့ မစ္စယန်ဟီလီက ပြော ဆိုကြောင်း ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်ရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ မစ္စယန်ဟီလီ ဟာ အင်းစိန်အကျဉ်းထောင်ကိုလည်း သွားရောက်ကြည့်ရှုမှာဖြစ်ပြီး၊ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်အမတ်တွေ၊ အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါ့ပြင် ရွေးကောက်ပွဲကော်မရှင် နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
မြန်မာပြည် ဆယ်ရက်ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်သလို၊ သူ့ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာ ကို ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြရမှာဖြစ်ပါတယ်။ မစ္စယန်ဟီလီဟာ ၂၀၀၃ ခုနှစ်က စပြီး ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၄ ဇွန်လမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလက ၆ နှစ် သက်တမ်းကုန်ဆုံးသွားခဲ့တဲ့ မစ္စတာ သောမတ် အိုဟေးကင်တားနားရဲ့နေရာမှာ အစားထိုးခန့်အပ်ခဲ့တာပါ။ အဲသလို ခန့်အပ်ခံခဲ့ရအပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံကို လာရောက်ဖို့ သမ္မတ ဦးသိန်းစိန်အစိုးရက ဖိတ်ကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။