တိုက်ပွဲဖြစ်ဒေသလူထု လုံခြုံရေး ကုလကိုယ်စားလှယ်နဲ့ ဆွေးနွေး
အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေက တိုင်းရင်းသားတွေ ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ ကိစ္စတွေကို ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့ အစည်းတွေက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee ကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။
-
2016-06-21 -
-
-
Your browser doesn’t support HTML5 audio
အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေက တိုင်းရင်းသားတွေ ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ကိစ္စတွေကို ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကုလသမဂ္ဂရဲ့ မြန် မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee ကို တင်ပြဆွေးနွေး ခဲ့ကြပါတယ်။
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒီနေ့ ရန်ကုန်မြို့ UNDP ရုံးမှာ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့တာလို့ ဆွေးေနွးပွဲတက်ရောက်ခဲ့တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။
"တဘက်မှာ ပင်လုံတို့ အပစ်ခတ်ရပ်စဲရေးတို့ လုပ်နေတယ်၊ တဘက်မှာ စစ်တိုက်နေတယ်၊ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက်က လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ဒေသအတွင်းမှာ တိုက်ပွဲတွေ ရပ်ဖို့ နောက်ပြီးလို့ရှိရင် အဲ့ဒေသအတွင်းမှာ မတရားနှိပ်စက်ခံရတဲ့ ပြည်သူတွေရဲ့အဖြစ်တွေ သူတို့သိတယ်၊ အဲ့ဒါတွေကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့အချက်တွေ ဆွေးနွေးပါတယ်"
ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင် ကြသေး ပြည်သူတွေ၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက စစ်ဘေးဒုက္ခသည်အရေးနဲ့ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိသင့်တော့ကြောင်းကိုလည်း ဆွေးနွေးတင်ပြခဲ့တယ်လို့ ပြောပါတယ်။ အရပ်ဘက် အဖွဲ့တွေ ဘက်ကသာ တင်ပြဆွေးနွေးတာဖြစ်ပြီး လူ့အခွင့်အရေးကိုယ်စားလှယ်ဘက်က မှတ်ချက်ပြုပြောဆိုတာ မရှိဘူးလို့လည်း ဦးအောင်မျိုးမင်း က ပြောပါတယ်။
လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ မနက်ဖြန် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိပြီး ပြည်နယ်အစိုးရ နဲ့ ဆွေးနွေးမှာဖြစ်သလို ကချင်နဲ့ ရှမ်းပြည်နယ်တွေက ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာဖို့ ရှိပါတယ်။
သူ့ရဲ့ခရီးစဉ်ဟာ ဒီတစ်ကြိမ် ၄ ကြိမ်မြောက်ဖြစ်ပြီး လာမယ့်စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံမှာ တင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာအတွက် လာရောက်လေ့လာတာ လည်းဖြစ်ပါတယ်။
မနေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံက အရပ်ဖက်လူမှုအဖွဲ့အစည်း ၆ ဖွဲ့က ကိုယ်စားလှယ်တွေ နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee တို့ ဒီနေ့ ရန်ကုန်မြို့က ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အေဂျင်စီ UNDP ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးတင်ပြကြသလဲဆိုတာကို ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ Equality Myanmar ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကို RFA သတင်းထောက် ကိုကျော်သူ က တွေ့ဆုံမေးမြန်းထားပါတယ်။