မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်မှာ မှားယွင်းတဲ့အချက်တွေပါဝင်နေ
ကုလသမဂ္ဂရဲ့ အထူးအစီရင်ခံစာ တင်သွင်း သူ မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ယေဘုယျ စွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေ ပါဝင်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
-
2017-07-22 -
-
-
ကုလသမဂ္ဂရဲ့ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက် မှာ ယေဘုယျစွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေ ပါဝင်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ စိတ်ပျက်ရကြောင်းလည်း နိုင်ငံတော်အတိုင် ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ စေလွှတ်မယ့် ဆုံးဖြတ်ချက်ကို ပါဝင် ပတ်သက်ခြင်းမပြုပေမယ့် အထူးအစီရင်ခံစာတင်သွင်းသူရဲ့ ခရီးစဉ်ကိုတော့ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်းလည်း အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီဟာ ဒီလ ၁ဝ ရက်နေ့က မြန်မာနိုင်ငံကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ ၁၂ ရက်တာ ခရီးစဉ်အတွင်း ပဋိပက္ခဖြစ် ပွားရာ ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကို သွားရောက်ခဲ့ပါတယ်။
မစ္စယန်ဟီးလီဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်မှာ ခရီးစဉ်အတွင်း သူနဲ့တွေ့ဆုံခဲ့သူတွေဟာ တာဝန်ရှိသူတွေကို ကြောက်လန့်နေကြောင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်က ဒေသအချို့ကို အစိုးရက လုံခြုံရေးအကြောင်းပြချက်နဲ့ သွားခွင့်မပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ အချို့မှာ ရှေ့နေ မရှိကြောင်းလည်း မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။