ရန်ကုန်တိုင်း ရွေးကောက် ပွဲကော်မရှင် ကိုယ်စားလှယ် ၁၂ ဦး ကို ဆက်လက်ပယ်ချ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အသီးသီးက ပယ်ချထားတဲ့ ကိုယ်စားလှယ်လောင်း ၃၄ ဦးရှိပြီး အဲဒီထဲက ၁၂ ဦးကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ဆက်လက်ပယ်ချလိုက်ပါတယ်။

နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ် Photo: Myo Thant Khaing/RFA

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အသီးသီးက ပယ်ချထားတဲ့ ကိုယ်စားလှယ်လောင်း ၃၄ ဦးရှိပြီး အဲဒီထဲက ၁၂ ဦးကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ဆက်လက်ပယ်ချလိုက်ပါတယ်။

တိုင်းဒေသကြီးထံ အယူခံတင်ထားသူ ၂၂ယောက်ရှိပြီး အခုချိန်ထိ စိစစ်တာမှာ ၁၂ ယောက်က အယူခံရှုံးနိမ့်သွား တယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

"ခရိုင်က ပယ်လိုက်တာ ၃၄ ယောက်ရှိတယ် အယူခံဝင်တာက ၂၂ ယောက်ရှိတယ်၊ အယူခံမဝင်တာက ၉ ယောက်၊ အယူခံ ဝင် မဝင် မသေချာသေးတာက ၃ ယောက်ကျန်တယ်၊ အဲ့အထဲမှာမှ အယူခံစိစစ်ပြီးသွားတာ ၁၅ ယောက်၊ အယူခံမပြတ်သေးတာက ၇ ယောက် စိစစ်ပြီးသွားတဲ့ ၁၅ ယောက်မှာ ၃ ယောက်က အောင်တယ်၊ ၁၂ ယောက်က ကျပါတယ်"

ပယ်ချခံရတဲ့ ၁၂ ဦးထဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ အမျိုးသားညီညွတ်ရေး ကွန်ကရက်ပါတီ စတဲ့ ပါတီတွေက ကိုယ်စားလှယ်လောင်းတွေအပြင် တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်းပါတယ်လို့ သိရပါတယ်။

ပယ်ချခံရသူအများစုဟာ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်တဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံရတာဖြစ်ပြီး သူတို့ဟာ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။

လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်ထားသူ ၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org