အစာငတ်ခံဆန္ဒပြသူအလုပ်သမား တစ်ဦး ဆေးရုံပို့ရ

ရန်ကုန် သရဖူ သံမဏိစက်ရုံမှာ အခြေခံလစာတိုးမြှင့်ရေး အစာငတ်ခံ ဆန္ဒပြနေသူတွေထဲက တစ်ဦးကို မှော်ဘီပြည်သူ့ဆေးရုံကို မနေ့က ပို့ဆောင်လိုက်ရပါတယ်။

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်က Yangon Crown ရန်ကုန်သရဖူ သံမဏိစက်ရုံ အလုပ်သမားများ အခြေခံလစာ တိုးမြင့်ပေးဖို့ အပါအဝင် အလုပ်သမားအခွင့်အရေး ရရိရေးအတွက် ၂၀၁၂ ခုနှစ် မေလ ၂၇ နေ့က အစာငတ်ခံ ဆန္ဒပြနေကြစဉ်။ Photo courtesy of YPI

ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်သမား ခေါင်းဆောင် ၂၅ ဦး စတင် အစာငတ်ခံ ဆန္ဒပြခဲ့ရမှာ နောက်ထပ် ၁၅ ဦး ပူးပေါင်းပါဝင်ပြီး အလုပ်သမား ၄၀ ဆက်လက် အစာငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပါတယ်။

ဆန္ဒြုပသူတွေထဲက ၄ ဦး ကျန်းမာရေး အခြေအနေ ဆိုးရွားနေပြီး သူတို့ထဲက တစ်ဦးကို မနေ့က ဆေးရုံပို့လိုက်ရတယ်လို့  အစာငတ်ခံဆန္ဒပြနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

"လက်ရှိကတော့ ကျွန်တော်တို့ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။ ဒုတိယမြောက်နေ့မှာ တစ်ယောက်ကတော့ ဆေးကုသမှုခံယူထားရပါတယ်။ ၃ ရက်လောက် ထမင်းမစားတော့ နုံးချည့်နေတဲ့အနေအထား ရှိပါတယ်။ ရေပဲသောက်ပါတယ်။ ဒါပေမဲ့ မရမချင်း ဆန္ဒပြမယ်ဆိုတဲ့ စိတ်ရှိတဲ့အတွက် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဆေးကုသမှုတောင် မခံယူဘဲ  ဆန္ဒပြဖို့ပါ။"

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်က Yangon Crown ရန်ကုန်သရဖူ သံမဏိစက်ရုံ အလုပ်သမား သုံးရာခန့်ဟာ အခြေခံလစာ တိုးမြှင့်ပေးဖို့၊ အချိန်ပို လုပ်အားခ သတ်မှတ်ပေးဖို့၊  ခွင့်ရက်နဲ့ ပိတ်ရက်တွေ ညှိနှိုင်းပေးဖို့ စတာတွေ အပါအဝင် အချက် ၁၃ ချက်ကို  ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က စတင် ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ အခြေခံလစာ တိုးမြှင့်ပေးရေးကို အလုပ်ရှင်က မလိုက်လျောတဲ့အပြင် ဆန္ဒပြ အလုပ်သမားတွေကို အလုပ်မှ ထုတ်ပယ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org