ရန်ကုန်ဆေးရုံကြီး အရိုးအထူးကုဌာန ယာယီပိတ်ထား
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ထိခိုက်ဒဏ်ရာဌာနနဲ့ အရိုးအထူးကု ပြင်ပလူနာ ဌာနကို စင်တာဘာလ ၄ ရက် မနေ့ကစပြီး ယာယီပိတ်ထားလိုက်ပါတယ်။
-
သန့်ဇင်ဦး
2020-09-05 -
-
-
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ထိခိုက်ဒဏ်ရာဌာနနဲ့ အရိုးအထူးကု ပြင်ပလူနာဌာနကို စင်တာဘာလ ၄ ရက် မနေ့ကစပြီး ယာယီပိတ်ထားလိုက်ပါတယ်။
ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရိုးအထူးကုဌာနကို ယာယီပိတ်ထားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။
ထိခိုက်ဒဏ်ရာဌာနနဲ့ အရိုးအထူးကု ပြင်ပလူနာဌာန နှစ်ခုကိုပဲ ယာယီပိတ်တာဖြစ်ပြီး အခြားဌာနတွေ ပုံမှန်အတိုင်းဖွင့်လှစ်ထားရှိကာ အရေးပေါ်လူနာတွေကိုတော့ ပုံမှန်အတိုင်း ကုသပေးမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သြဂုတ်လ ၁၆ ရက်နေ့က စစ်တွေမြို့ကနေတဆင့် ကိုရိုနာဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန်ကူးစက်မှုနှုန်းတွေ ဖြစ်လာရာမှာ ဒီကနေ့မနက် ထုတ်ပြန်ချက်အရ ပိုးတွေ့သူ ၁၂၁၆ ဦးရှိနေပြီး ရန်ကုန်တိုင်းထဲက မြို့နယ် ၂၅ ခုတို့မှာ ပိုးကူးစက်သူ ငါးရာကျော်အထိ ရှိလာနေပါတယ်။
ရန်ကုန်ဆေးရုံကြီးရဲ့ယာယီပိတ်ထားတဲ့ ဌာနတွေပြန်လည်ဖွင့်လှစ်မယ့်ရက်ကိုတော့ ထပ်မံကြေညာပေးမယ်လို့ ကြေညာချက်မှာပါရှိသလို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ တာဝန်ကျ ဆရာဝန်မကြီးတစ်ဦး က RFA ကို ဖြေကြား ပါတယ်။