ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ်က တံတားတစ်စင်း မိုင်းခွဲခံရ

သထုံမြို့နယ် ကမာစိုင်ကျေးရွာ ကွက်သစ်အနီး ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းမပေါ်က ကမာစိုင်တံတားဟာ သြဂုတ်လ ၂ ရက် ဒီနေ့မနက်အစောပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရပါတယ်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးခံရသည့် ကမာစိုင်တံတားကို တွေ့ရစဥ်။ Citizen Photo

မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ကျေးရွာ ကွက်သစ်အနီး ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းမပေါ်က ကမာစိုင်တံတားဟာ သြဂုတ်လ ၂ ရက် ဒီနေ့မနက်အစောပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းခွဲပြီးနောက် တံတားတစ်ခုလုံး ပျက်စီးသွားခဲ့တာကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ် သွားလာမှုတွေလည်း ယာယီရပ်ဆိုင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သထုံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တံတားတစ်ခုလုံးက ပျက်စီးသွားတော့ လမ်းမကြီးပေါ်က ကားတွေ ရပ်နေရတယ်။ ဒီမနက်အထိတော့ သက်ဆိုင်ရာက လာပြင်တာ မရှိသေးဘူး။ ဘာလို့ဆို အဲဒီလိုလာပြင်ရင် အပေါ်က ဒရုန်းနဲ့အတိုက်ခံရတာတွေလည်း ရှိထားတော့ အခုစစ်သားတွေက ရှင်းလင်းရေး အရင်လုပ်နေတယ်၊ တစ်နေ့လုံးတော့ ကားတွေပိတ်မဲ့သဘောမှာ ရှိတယ်”

အခုမိုင်းခွဲခံရတဲ့တံတားဟာ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး ဆယ်ပေခန့် ရှိတယ်လို့လည်း သူက ပြောပါတယ်။

တံတားပျက်စီးသွားလို့ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေလည်း ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတံတားမိုင်းခွဲခံရတာ ဘယ်အဖွဲ့ကလုပ်သလဲဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ဇူလိုင် ၁၇ ရက်နေ့ကလည်း သထုံမြို့နယ်ထဲက ကရင်လေးဆိပ်တံတား မိုင်းခွဲခံရလို့ ကုန်တင်ကားနဲ့ ခရီးသည်တင်ကား အစီးတစ်ရာခန့် ပိတ်မိခဲ့ပါတယ်။

သထုံနဲ့ ဘီးလင်းမြို့နယ်က အဝေးပြေးလမ်းမပေါ်မှာရှိတဲ့ တံတားတွေ အခုနှစ်အတွင်း မကြာခဏ မိုင်းခွဲခံနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org