ကျိုးကျထားတဲ့ ဘီးလင်းက မစောတံတားအနီး ဖြတ်သန်းခွင့်ရဖို့ မော်တော်ယာဥ် ရာချီစောင့်ဆိုင်းနေ

ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် သွားလာရေးခက်ခဲနေပြီး မေ ၂၉ ရက် ဒီနေ့အထိ ပိတ်မိနေတဲ့ မော်တော်ယာဥ်တွေ ရာနဲ့ချီရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ပိတ်မိနေသည့်ကားများကို ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Facebook/ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း - ဘီးလင်းမြို့

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် သွားလာရေးခက်ခဲနေပြီး မေ ၂၉ ရက် ဒီနေ့အထိ ပိတ်မိနေတဲ့ မော်တော်ယာဥ်တွေ ရာနဲ့ချီရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တံတားကျိုးကျနေတဲ့အတွက် တံတားအနီးက ယာယီမြေသားလမ်းပေါ်ကနေ မော်တော်ယာဥ်တွေ ဖြတ်သန်းသွားလာနေတာဖြစ်ပြီး မေ ၂၈ ရက်နေ့က ကုန်တင်ယာဥ်တစ်စီး ဘီးနစ်သွားတဲ့အတွက်ကြောင့် လမ်းပိတ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကားကြီးသွားလို့ အဆင်မပြေတာကို တွဲကားက ဝင်လိုက်တော့ မိုးကလည်း ရွာထားတော့ နစ်နေတာ။ မနေ့က ညနေ ငါးနာရီလောက်မှာ ပြန်ပွင့်ပြီ။ ဒါပေမဲ့ ကားလမ်းတွေတော့ ကျပ်သွားတာပေါ့။ ညအိပ်လိုက်ရတဲ့ကားတွေ ရှိတယ်။ အခုထိကို ကားတွေက တန်းစီစောင့်ပြီး သွားနေရတုန်းပဲ။ တစ်ဖက်ကို လွှတ်ပေးရင် တစ်ဖက်က စောင့်ပေါ့”

အသုတ်လိုက်ခွဲပြီး လွှတ်ပေးနေတာဖြစ်လို့ မစောတံတားထိပ်ကနေ ဘီးလင်းမြို့အထိ စောင့်ဆိုင်းနေကြရတဲ့ မော်တော်ယာဥ်တွေ ရှိနေတာလို့ သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်သံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လမ်းခုလတ်မှာ စောင့်ဆိုင်းနေရသူတွေကိုတော့ ဘီးလင်းမြို့က အလှူရှင်တွေနဲ့ ပရဟိတ လူမှုကူညီရေးအသင်းတွေပူးပေါင်းပြီး ထမင်းဘူးနဲ့ ရေသန့်တွေကို မေ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်း တောင်ကလေးရွာအနီးက မစောတံတားဟာ မေလ ၂၃ ရက်နေ့မှာ မိုင်းခွဲခံရပြီးနောက် ကျိုးကျခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြုပြင်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

မစောတံတားအပြင် ဘီးလင်းမြို့အဝင်က ကျုံအိတ်တံတားလည်း မေ ၁၁ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ကုန်သွယ်ရေးလမ်းကြောင်းတွေ ယာယီပြတ်တောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org