ရန်ကုန်တိုင်းအစိုးရကို ဦးစီးမယ့်သူက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်သင့်သလဲ
လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ဒီလထဲမှာ အပြီးသတ် ရွေးချယ်ပြီး အမည်စာရင်းပို့ဖို့ NLD က အောက်ခြေကို ညွှန်ကြားလိုက်ပါတယ်။
-
သန့်ဇင်ဦး
2020-06-01 -
-
-
လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ဒီလထဲမှာ အပြီးသတ် ရွေးချယ်ပြီး အမည်စာရင်းပို့ဖို့ NLD က အောက်ခြေကို ညွှန်ကြားလိုက်ပါတယ်။
ရွေးကောက်ပွဲအလွန်ကာလ အစိုးရဖွဲ့နိုင်တဲ့ပါတီရဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုထဲမှာ စီးပွားရေး အချက်အခြာ ကျပြီး လူနေထူထပ်တဲ့ ရန်ကုန်တိုင်းအတွက် ဝန်ကြီးချုပ်ရွေးချယ်မှုလည်း ပါဝင်ပါတယ်။
လာမယ့်ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့နိုင်တဲ့ပါတီဟာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နေရာအတွက် ပိုမိုဂရုစိုက် ရွေးချယ်ဖို့ ရန်ကုန်မှာ နေထိုင်သူတချို့က ပြောကြပါတယ်။
ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်လောင်းတွေကို ဒီလထဲမှာ အပြီးသတ် ရွေးချယ်ပြီး ဗဟိုကို တင်ပြရတော့မှာပါ။
၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ အခြေအနေပေါ်ကြည့်ပြီးတော့ ဒီနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးဖို့ အချိန်ကျရောက်လာပြီဖြစ်လို့ အဆင်သင့်ပြင်နေတာဖြစ်ကြောင်း၊ တစ်မြို့နယ်ကို ငါးဦးနှုန်း အဆိုပြုရမှာဖြစ်ကြောင်း ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို မေ ၃၁ ရက်နေ့ မနေ့က ပြောလိုက်ပါတယ်။
မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မယ့် NLD က လွှတ်တော်အရပ်ရပ်အတွက် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် လိုအပ်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့တဲအတွက် ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေ၊ ဝန်ကြီးချုပ်တွေကို စိတ်ကြိုက် ခန့်အပ်နိုင်ခဲ့ပါတယ်။
သြဇာကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ကို လူထုထောက်ခံမှု များပြားနေဆဲဖြစ် တာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ထပ်မံပြီး အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့ရင် အသင့်တော်ဆုံးသူတွေကို ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို ဦးဆောင်စေသင့်တယ်လို့ လေ့လာသူတွေက ပြောနေကြပါတယ်။
ပြည်နယ်၊ တိုင်း ၁၄ ခု အစိုးရတွေထဲမှာ အဝေဖန်အခံရဆုံးကတော့ လူဦးရေ ၈ သန်းဝန်းကျင် နေထိုင်တဲ့ဒေသကို စီမံအုပ်ချုပ်ရတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအစိုးရရဲ့ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူတွေကို စမတ်ကတ် ထုတ်ပေးပြီး ဖြေရှင်းမယ်လို့ ကြေညာခဲ့တဲ့ အစီအစဉ် အကောင်အထည်မပေါ်သေးသလို ကမ်းနားလမ်း ကွန်တိန်နာတင်ကား ဖြတ်သန်းမှု ကိစ္စလည်း အဆင်မပြေသေးပါဘူး။
ရန်ကုန်မြို့က သတင်းစာဆရာ ဦးဇေယျာလှိုင်ကတော့ ရန်ကုန်တိုင်းအတွက် အပြောနဲ့အလုပ် ညီတဲ့သူတွေ လိုအပ်တယ်လို့ ဆိုပါတယ်။
“နံပါတ်တစ် အရေးကြီးတာကတော့ ကိုယ့်ပြောစကားနဲ့အလုပ်နဲ့ မညီတဲ့သူကို မထားတာ ကောင်းပါတယ်၊ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက ပြောခဲ့တဲ့စကားတွေနဲ့ အာဏာရပြီး ပြောတဲ့စကား ညီပါရဲ့လားပေါ့၊ နောက်ပြီးတော့ သူတို့ရဲ့လုပ်ဆောင်မှုတွေဟာ တကယ်ပဲ ပြည်သူကို မျက်နှာမူပါရဲ့လားပေါ့၊ ပြည်သူ၊ ပြည်သူဆို နာမည်တပ်ပြီးတော့မှ ကိုယ်ကျိုးစီးပွားရှာတဲ့သူမျိုး မဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်၊ နိုင်ငံရေးသမားဆိုတာ၊ ပြည်သူ့အတွက် ကောင်းမွန်တဲ့ နိုင်ငံရေးသမားဆိုတာ သူပြောတဲ့စကားနဲ့ သူ့အလုပ်နဲ့ညီတဲ့သူမျိုးဖြစ်ဖို့ လိုပါတယ်”
ကွမ်းယာစားတဲ့သူတွေနဲ့ ကွမ်းယာဆိုင်တွေကို အရေးယူမယ်ဆိုတဲ့ ကွမ်းယာတော်လှန်ရေး ကိစ္စဟာလည်း မအောင်မြင်ခဲ့တဲ့အပြင် ကမ်းနားလမ်းက ညဈေး၊ ကျောင်းကားကိစ္စနဲ့ မြို့သစ်စီမံကိန်းတွေဟာလည်း မအောင်မြင်ဘူးလို့ ဦးဇေယျာလှိုင် က ဆိုပါတယ်။
ရန်ကုန်ကိုစီမံခန့်ခွဲမယ့်သူဟာ နောက်နှစ်များစွာအထိ အမြော်အမြင်ရှိပြီး ခေတ်နဲ့အညီ လိုက်နိုင်သူဖြစ်စေချင် တယ်လို့ ပြောတာက Mandalay Technology ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာဇော်နိုင်ပါ။
“ရန်ကုန်ကို စီမံခန့်ခွဲတဲ့ခေါင်းဆောင်တဲ့သူဟာ အမြော်အမြင်ကြီးတဲ့သူ၊ ရှေ့ကိုအမြင်ရှိတဲ့သူ၊ ရန်ကုန်ကို နောက်ဆယ်နှစ်မှာ ဘယ်လိုမျိုး မြင်ချင်သလဲ၊ နောက်အနှစ်ငါးဆယ်မှာ ရန်ကုန်မြို့ကို ဘယ်လိုမျိုး မြင်ချင် သလဲဆိုတဲ့ အမြင်ရှိတဲ့သူမျိုး ဖြစ်စေချင်ပါတယ်၊ ပထမဆုံး တစ်ခုက။ ဒုတိယတစ်ခုက အဲဒီအမြော်အမြင်ရှိပြီး အဲဒါကို အကောင်အထည်ဖော်နိုင်တဲ့ စီမံခန့်ခွဲမှုစွမ်းရည် ပြည့်ဝတဲ့၊ အရည်အချင်းရှိတဲ့ နောက်ပြီးတော့ အခုခေတ်ကာလက အလွန့်အလွန် ပြောင်းနေတဲ့အတွက်ကြောင့် ပြောင်းလဲနေတာတွေကို အချိန်နဲ့ တပြေးညီ လိုက်ပြီးတော့ ပြောင်းနိုင်တဲ့ တက်ကြွတဲ့ မြို့တော်ဝန်၊ ဝန်ကြီးချုပ် အဲဒီလို ခေါင်းဆောင်မျိုး လိုချင်ပါတယ်”
လက်ရှိတိုင်းအစိုးရရဲ့ စီမံခန့်ခွဲသူတွေဆီမှာ ရန်ကုန်ကို ဘယ်လို တိုးတက်အောင် လုပ်မယ်ဆိုတဲ့ အမြင်ရှိလား ဆိုတာ ရန်ကုန်က ပြည်သူအနေနဲ့ သိချင်ပေမယ့် မသိရတဲ့အတွက် အစိုးရရဲ့ ငါးနှစ်တာကာလ အလကား အချိန်ကုန်သွားပြီလို့ ဒေါက်တာဇော်နိုင်က ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးနေလင်းဇင်ကလည်း ရန်ကုန်တိုင်းကို ဦးဆောင်မယ့်သူဟာ ဘက်ပေါင်းစုံက ပြဿနာတွေကို အချိန်တိုတိုနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိတဲ့သူပဲ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာဆိုရင် ရန်ကုန်မြို့က အဓိကကျတယ်ပေါ့၊ ဒီလိုနေရာမျိုး ဦးဆောင်မယ့်သူဟာ စွမ်းရည်မြင့်မား တဲ့သူမျိုး၊ အထူးသဖြင့် ပြဿနာဖြေရှင်းခြင်းပေါ့၊ ကျွန်တော်တို့နိုင်ငံက ဘယ်လိုဖြစ်နေတာလဲဆိုတော့ ပြဿနာတွေ အများကြီးဖြစ်နေတာ၊ ပြဿနာဆိုတာက ခေတ်အဆက်ဆက်မှာ ရှိလာခဲ့တဲ့ စနစ်အမှားတွေရဲ့ ပြဿနာတွေများကြီးကို စုပုံနေတဲ့နေရာ ဖြစ်နေတယ်၊ စုပုံနေတော့ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာ ပဲဖြစ်ဖြစ်၊ ပညာရေး၊ ကျန်းမာရေး၊ လူတွေနဲ့သက်ဆိုင်တဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး အားလုံးပေါ့ အဲ့ဒါတွေအားလုံးက ပြဿနာတွေ အများကြီးနဲ့ အခက်အခဲတွေဖြစ်နေတာ၊ ဒီလိုမျိုးပြဿနာတွေနဲ့ ကြုံတွေနေတဲ့ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ကို အထူးသဖြင့် ဦးဆောင်ဖို့ ဆိုတဲ့အခါမှာ ဒါတွေကိုဖြေရှင်းနိုင်တဲ့၊ ပြဿနာဖြေရှင်းတဲ့၊ စွမ်းရည်ကောင်းတဲ့၊ ဘယ်ပြဿနာကိုဘယ်လို အချိန်တိုတိုအတွင်းမှာ မှန်မှန်နဲ့ အဖြေရှာနိုင်တဲ့ လူပုဂ္ဂိုလ်မျိုး၊ အရည်အချင်းရှိတဲ့သူကို ကျနော်တို့က ဖြစ်စေချင်တယ်”
NLD ပါတီကို ထောက်ခံအားပေးခဲ့တဲ့ အဆိုတော် ဆောင်းဦးလှိုင်က မေလ ၂၅ ရက်နေ့က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ပါတီပုံရိပ်ကို အကြိမ်ကြိမ်ထိခိုက်ပြီး အရပ်သားအစိုးရကို သိက္ခာကျစေခဲ့တဲ့ ရန်ကုန်က အရာရှိတွေ အညံ့ဆုံးဖြစ်ကြောင်းနဲ့ ရှက်တတ်ရင် ထွက်ဖို့၊ ၂၀၂၀ အလွန် အစိုးရအဖွဲ့မှာ ပြန်ပါမလာဖို့ တောင်းဆိုသွားမယ်လို့ ရေးသားထားပါတယ်။
ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုင်းအစိုးရအဖွဲ့ဝင်တချို့ကို တယ်လီဖုန်းကတဆင့် မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရန်ကုန်က ပရဟိတသမားတစ်ယောက်ဖြစ်တဲ့ ကိုထွန်းကျော်ဟန်ကတော့ တိုင်းအစိုးရအဖွဲ့ရဲ့ အားသာချက်တွေ ထဲမှာ ရန်ကုန်မြို့ ခရီးသည် သယ်ယူပို့ဆောင်ရေး စီစဉ်မှုအားနည်းခဲ့တဲ့ မထသ အဖွဲ့နေရာမှာ YBS နဲ့ အစားထိုး ပြောင်းလဲနိုင်ခဲ့တာလည်း ပါဝင်တယ်လို့ ပြောပါတယ်။
“မထသဆိုတဲ့အဖွဲ့မျိုးကိုဖျက်ပြီးတော့ YBS ဆိုတဲ့ ကားအသစ်တွေ ပေါ်လာတယ်၊ တကယ့်ကို သေသေချာချာ အစလုပ်ခဲ့တာ ကောင်းပါတယ်၊ ဒါပေမဲ့ တစ်ခုရှိတာက ပြောရမယ်ဆိုရင် ရန်ကုန်မြို့ကလည်း ကျယ်တယ် ပေါ့ဗျာ။ ဒါကြောင့် ဝေဖန်ဆုံးဖြတ်ရမှာတော့ ခက်ပါတယ်။ ဒါပေမဲ့ တချို့မြို့လေးတွေ နယ်လေးတွေမှာ လမ်းလေးတွေ ကောင်းလာတာ အဲလိုမျိုး ပြောင်းလဲတာတွေတော့ ရှိပါတယ်၊ အရမ်းကြီး အားရကျေနပ်မှုတွေ မရှိဘူးပေါ့၊ ဒါပေမဲ့ သူ့မှာလည်း သူနေရာနဲ့ သူ့အထာနဲ့တော့ ရှိတော့ရှိမယ်လို့ပဲ ကျနော်ကတော့ ထင်ပါတယ်”
စမ်းချောင်းမှာနေထိုင်တဲ့ မငြိမ်းချမ်းစုကြည်ကလည်း ဦဖြိုးမင်းသိန်းဟာ သူလုပ်နိုင်စွမ်းနဲ့ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
“ဘက်စုံတိုင်းမှာတော့ တိုးတက်မှုတွေတော့ရှိတယ်၊ လမ်းတွေနဲ့ ပတ်သက်တာလည်း တော်တော်တိုးတက်မှု ရှိတယ်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တာကတော့ အထိုက်အသင့် အလျောက်ကို အားရ ကျေနပ်မှုရှိတယ်၊ ခြုံပြီးတော့ ပြောရရင်တော့ အားရကျေနပ်မှုရှိတာ ကျောင်းကားနဲ့ YBS ပဲ၊ တိုးတက်သင့် သလောက် မတိုးတက်တဲ့ တချို့အရာတွေလည်း ရှိတယ်ပေါ့လေ၊ သူလုပ်သင့်တဲ့ သူလုပ်နိုင်တဲ့အရာတွေကို သူလုပ်တယ်၊ သူလုပ်နိုင်စွမ်းရှိသလောက် သူလုပ်တယ်၊ တချို့ အရာတွေမှာ သူ တစွတ်ထိုး လုပ်လိုက်မိ တာတွေတော့ ရှိတယ်ပေါ့လေ”
NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ လက်ရှိရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး မှတ်ချက်မပေးလိုဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲပြီးရင် ရန်ကုန်အတွက် လုပ်ရည်ကိုင်ရည်ရှိတဲ့သူကို ရွေးချယ်သင့်တယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။
“ရန်ကုန်တိုင်းဆိုတာက ဗမာနိုင်ငံအတွက် တကယ့်ကိုရေးကြီးတဲ့ တိုင်းဒေသကြီးပဲလေ၊ ရန်ကုန်တိုင်း ဆိုတာက တခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့တောင် မတူပါဘူး၊ ဘာကြောင့်လဲဆိုတော့ ရန်ကုန်တိုင်းဟာ ဟိုတုန်းကတည်းက မြန်မာနိုင်ငံရဲ့မြို့တော်ပေါ့လေ၊ တိုင်းလည်းဖြစ်နေတယ်၊ အရေးကြီးတဲ့တိုင်း၊ နောက်ပြီးတော့ ရန်ကုန်ဆိုတာလည်း မြို့တော်ပေါ့၊ နောက်အခုကာလမှာလည်း စီးပွားရေးမြို့တော်၊ အချက်အချာလည်းကျတယ်၊ အဲဒီလိုမျိုးတိုင်းမှာ တကယ်တော်တဲ့သူ၊ တကယ်အမြင်ကျယ်ကျယ်နဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့သူကို ရွေးချယ်နိုင်ရင်တော့ ပိုပြီးတော့ ကောင်းပါလိမ့်မယ်၊ ကျွန်တော်ကတော့ ဘယ်သူ့ကိုရွေးပါ၊ ဘယ်ပုဂ္ဂိုလ်ကိုရွေးပါ ဆိုတာတော့ ကျနော် လောလောဆယ် ပြောလို့မသင့်သေးဘူးလို့ ထင်ပါတယ်”
အများပြည်သူရဲ့ ဝေဖန်ခံနေရသူတွေ လာမယ့်ရွေးကောက်ပွဲမှာ ပြန်ပါမလား၊ မပါလာဘူးလား ဆိုတာကလည်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့သာ ဆိုင်တယ်လို့လည်း မုံရွာအောင်ရှင်က ဆိုပါတယ်။
ကျန်းမာရေးဌာနက ပျော်ပွဲရွှင်ပွဲတွေနဲ့ ဘာသာရေး အခမ်းအနားတွေ အပါအဝင် လူစုလူဝေး မလုပ်ဖို့ အမိန့်ထုတ် ထားတဲ့ကြားက ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ မကြာသေးခင်ရက်ပိုင်းက ဗိုလ်တထောင်ဘုရားမှာ အခမ်းအနားတချို့ ပြုလုပ်ခဲ့ရာမှာ လူအများအပြား ပါဝင်ခဲ့တဲ့အတွက် ဝေဖန်ခံနေရပါတယ်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို ကပ်ဘေးကာလ အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်တွေကို ဖောက်ဖျက်ခဲ့တဲ့ အတွက် ပါတီက နှုတ်နဲ့သတိပေးထားတယ်လို့ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောပါတယ်။
ရန်ကုန်မှာ ပြဿနာဖြစ်ခဲ့တာကြောင့် ကပ်ဘေးကာလ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာဖို့ တခြားဝန်ကြီး ချုပ်တွေကိုလည်း သတိပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။
ရွေးကောက်ပွဲပြုလုပ်မယ့်နှစ်မှာ ပေါ်ပေါက်လာတဲ့ ကပ်ရောဂါ အန္တရာယ်ကာလအတွင်း ကူးစက်ရောဂါပိုး ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ ဂရုတစိုက် လုပ်ကိုင်နေကြတဲ့အချိန်မှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ လှုပ်ရှားမှုတချို့က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အများပြည်သူ ဝေဖန်ထောက်ပြစရာ ဖြစ်ခဲ့ပါတယ်။