သင်္ကြန်လေးရက်အတွင်း ရန်ကုန်မှာ ပေါက်ကွဲမှု ၂၅ ကြိမ် ရှိခဲ့

2022.04.16
သင်္ကြန်လေးရက်အတွင်း ရန်ကုန်မှာ ပေါက်ကွဲမှု ၂၅ ကြိမ် ရှိခဲ့ ရန်ကုန်မြို့ ပြည်လမ်းရှိ စစ်ကောင်စီက ကျင်းပသည့် ရေကစားမဏ္ဍပ်ကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့မှာ တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီရဲ့ ပထမဆုံး သင်္ကြန်လို့ပြောရမယ့် ဒီနှစ်သင်္ကြန်ကို ရန်ကုန်မှာ လုံခြုံရေး တိုးချထားပေမယ့် သင်္ကြန်ကာလ လေးရက်အတွင်း ဗုံးခွဲတိုက်ခိုက်မှုပေါင်း ၂၅ ကြိမ် လောက်ရှိခဲ့ပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ အကြိုနေ့ကနေ အတက်နေ့ မနက်ပိုင်းအထိ ရန်ကုန်မြို့မှာ ဒီဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

ရန်ကုန် သင်္ကြန်အကြိုနေ့ညမှာလည်း စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် ထောက်ခံ ပြထားပြီး တပ်စွဲခွင့်ပါ ပေးထားခဲ့တဲ့ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းက ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) အသင်း ဗုံးနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပြီး ခဏအကြာမှာတော့ သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်လာခဲ့တယ်လို့ လုံခြုံရေးအရ အမည်အဖော်လိုတဲ့ ပုဇွန်တောင်ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။

“အဲဒီနေ့က ပေါက်ကွဲသံ ကြားလိုက်ရတယ်။ ပြီးတော့ သေနတ်ပစ်သံတွေပါ ကြားလိုက် ရတယ် အချက် ၂၀ လောက်ရှိမယ်ထင်တယ်။ အဲဒါသိပ်မကြာဘူး။ နောက်ထပ် တစ်ခေါက်က ၁၅ ချက်လောက်ရှိမယ် ပစ်သံတွေ ကြားလိုက်ရတာ။ ဘယ်ဘက်က ပစ်လဲတော့ မသိဘူးပေါ့နော်။ အဲဒီနေ့က အကုန်လုံးကတော့ လမ်းတွေထဲမှာပဲ မီးကလည်း ပျက်နေတော့ တံခါးတွေပိတ်ပြီး နေကြရတာပေါ့ ”

YMBA ဗုံးပေါက်မှုအပြီးမှာ စစ်ကောင်စီက လိုက်လံပစ်ခတ် ဖမ်းဆီးတာကြောင့် လူငယ် တစ်ယောက် သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တိုက်ခိုက်ခဲ့တဲ့ ပြောက်ကျားအဖွဲ့တွေကတော့ သူတို့အဖွဲ့ ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

"ဒီရက်ပိုင်းထိတော့ မဏ္ဍပ်ပေါက်ကွဲတာတွေ မကြားသေးဘူး"

သင်္ကြန်အကျနေ့မှာတော့ ရန်ကုန်မြို့ပေါ်မှာ ပေါက်ခွဲတိုက်ခိုက်ခံရမှု ရှစ်ကြိမ်အထိ ရှိခဲ့ပြီး အကြတ်နေ့ မနေ့ကတစ်ရက်တည်းမှာ ၁၃ ကြိမ်နဲ့ အများဆုံး ဖြစ်ခဲ့တာပါ။ အကြတ်နေ့မှာ ဆိုရင် မြောက်ဥက္ကလာပနဲ့ သာကေတမြို့နယ် အပါအဝင် ရန်ကုန်မှာ ၁၃ ကြိမ်အထိ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်အများစုဟာ ညအချိန်မှာဖြစ်ခဲ့ပြီး ထိခိုက်၊ သေဆုံးမှုတွေကိုတော့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

ဒီနေ့ သင်္ကြန်အတက်နေ့ မနက်ပိုင်းမှာတော့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က စစ်မှုထမ်း အရာရှိ ဝန်ထမ်းအိမ်ယာနဲ့ အဲဒီနားက ဘန်ကာကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ Dark Shadow က ကြေညာပါတယ်။

ရန်ကုန်မြို့အပြင် ဧရာဝတီနဲ့ ကချင်ပြည်နယ်က သင်္ကြန်မဏ္ဍပ် တချို့မှာလည်း ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က လမ်းလျှောက်သင်္ကြန် မှာလည်း သင်္ကြန်အကြတ်နေ့ မနေ့က ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီး ရေကစားခဲ့ကြသူတွေ ထွက်ပြေးခဲ့ရပါတယ်။ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နဲ့ မအူပင်မြို့တွေက ဗဟိုမဏ္ဍပ် တွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ကောင်စီ မဏ္ဍပ်မှာတော့ သင်္ကြန်မတိုင်ခင်ရက်က ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ မုံရွာမြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။

“ အဝေးကနေ လှမ်းပစ်တာရှိတယ်။ ဒီရက်ပိုင်းထိတော့ မဏ္ဍပ်ပေါက်ကွဲတာတွေ မကြားသေးဘူး၊ တခြားမြို့တွေလို စည်ကားနေတာတွေမရှိဘူး၊ သူတို့မဏ္ဍပ် သူတို့လူပဲရှိတယ်။ ဘယ်သူမှမသွားကြဘူး၊ လူတွေကလည်း တော်လှန်ရေးအဖွဲ့တွေရဲ့ စကားတွေကို နားထောင်ပေးကြတယ် ”

မုံရွာမြို့က သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲမှုတွေ မဖြစ်ပေမယ့် သင်္ကြန်တွင်းကာလမှာ စစ်ကောင်စီ တပ်ဖွဲ့တွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တာတွေ များတယ်လို့ ဆိုပါတယ်။

ygn water festival
ရန်ကုန်မြို့ ဆူးလေလမ်းမပေါ်တွင် ရေပက်ခံထွက်လာကြသူများကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့က တွေ့ရစဉ် (Photo: RFA)

ဒီပေါက်ကွဲမှုတွေ၊ တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကို အကြောင်းပြပြီး နိုင်ငံရေးအရ အမြတ်ထုတ် လိုတာကြောင့် ဒီနှစ် သင်္ကြန်မှာ ပြည်သူတွေမပါဝင်ကြဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။

နောက်ပြီး မြို့ပြ ပြောက်ကြားအဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေနား မသွားဖို့၊ စစ်ကား တွေနဲ့ စစ်သားတွေရှိတဲ့နေရာတွေအနီးကနေ မဖြတ်သန်းကြဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။

စစ်ကောင်စီကတော့ သင်္ကြန်ပွဲတော်ကို စည်ကားဖို့အတွက် လူတချို့ကို အဖြူရောင် ထရပ်ကားကြီးတွေနဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို ခေါ်ယူခဲ့တာကိုလည်း သင်္ကြန် အကြိုနေ့မှာ တွေ့ခဲ့ရပါတယ်။

ရန်ကုန်မြို့ထဲ စစ်ကောင်စီက ဆောက်လုပ်ထားတဲ့ မဏ္ဍပ်တွေမှာ ရေကစားသူတွေ မရှိသလို ရေပိုက်မရှိတဲ့ မဏ္ဍပ်တွေလည်း ရှိနေပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ကျင်းပရတဲ့ ဒီသင်္ကြန်မှာတော့ အကြိုနေ့ကနေ အတက်နေ့အထိ ပြည်သူအများစုက ပါဝင်ဆင်နွှဲတာ မတွေ့ရသေးသလို လုံခြုံရေးတွေ တိုးချထားပေမယ့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နေရာတွေကတော့ တိုက်ခိုက်ခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။