ရန်ကုန်ယာဉ်ကြော ရှင်းလင်းရေး ရက် ၁၀၀ စီမံချက် စတင်

ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောကျပ်တည်း မှုကို ဖြေရှင်းနိုင်ရေးအတွက် မထသ (မြို့တွင်း) ကော်မတီရဲ့ ရက် ၁၀၀ စီမံချက် အနေနဲ့ ယာဉ်ကြောရှင်းလင်းတာ၊ အသိပညာပေးတာ အရေးယူတာတွေကို ဒီနေ့ စတင်လုပ်ဆောင်နေပါတယ်။

ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတစ်စီးကို တွေ့ရစဉ် Photo: Htet Arkar/RFA

ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရေးအတွက် မထသ(မြို့တွင်း) ကော်မတီရဲ့ ရက် ၁၀၀ စီမံချက်အနေနဲ့ ယာဉ်ကြောရှင်းလင်းတာ၊ အသိပညာပေးတာ အရေးယူတာတွေကို ဒီနေ့ စတင်လုပ်ဆောင်နေ ပါတယ်။

ဒီကနေ့ကစပြီး တစ်ပတ်လုံး မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့နဲ့ အဝိုင်း မှတ်တိုင်၊ သင်္ဃန်းကျွန်းမြို့နယ်က စံပြဈေးမှတ်တိုင်တို့မှာ တစ်ရက်ကို နှစ်ကြိမ် ယာဉ်ကြောရှင်းလင်းရေး အတွက် အသိပညာပေးတာ အရေးယူတာတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ မထသ(မြို့တွင်း) ကော်မတီ ယာယီဥက္ကဌ ဦးမင်းဇော် က ပြောပါတယ်။

"ဒီနေ့စလုပ်တာပေါ့နော်၊ မနက် ၇ နာရီကနေပြီးတော့ ၁၀ နာရီထိ ကျနော်တို့ ယာဉ်ကြောရှင်း လင်းရေးတွေ စတင်လုပ်ဆောင်ပါတယ်၊ ညနေပိုင်းမှာဆိုရင်တော့ ၄ နာရီကစပြီး ည ၇ နာရီထိပါ၊ ယာဉ်ကြောရှင်းလင်းရေးနဲ့ မှတ်တိုင်မှာ ရပ်၊ ချ၊ တင်၊ ထွက် စနစ်ကိုသွားမှာပါ"

မြောက်ဥက္ကလာပမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ စည်ပင်သာယာရေးကော်မတီဝင်တွေနဲ့  မီးသတ် တပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဘတ်စ်ကားတွေ မှတ်တိုင်တွေမှာ အချိန်ကြာရပ်ထားတာတွေနဲ့ ယာဉ်နှစ်စီးယှဉ်ရပ်တာတွေကြောင့် ယာဉ်ကြောကျပ်တည်းမှုတွေဖြစ်ပေါ်နေတာ ဖြစ်ပြီး စည်းကမ်းမဲ့ယာဉ်တွေကို ယာဉ်ထိန်းတပ်ဖွဲ့က ၂၀၁၅ မော်တော်ယာဉ် ဥပဒေအရ အရေးယူမှာ ဖြစ်သလို မထသ(မြို့တွင်း) ကော်မတီကလည်း အရေးယူ သွားမှာ ဖြစ်တယ်လို့ ဦးမင်းဇော် က ပြောပါတယ်။

လာမယ့် သီတင်းပတ်မှာ အင်းစိန်၊ ကမာရွတ် နဲ့ လှည်းတန်း စတဲ့မြို့နယ်တွေမှာ ယာဉ်ကြောရှင်းလင်းရေး အသိပညာပေး နဲ့ အရေးယူမှုတွေ လုပ်ဆောင်သွား မှာ ဖြစ်ပါတယ်။ အပတ်စဉ် နေရာ ၃ နေရာမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်နေ့ ၂ ကြိမ် ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက် မှာ ဖြစ်ပါတယ်။

ဦးမင်းဇော်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org