ရသေ့တောင်မှာ လက်နက်ကြီးကျလို့ မဲစာရင်းတချို့ ပျက်စီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြင်ရှည်ကျေးရွာအုပ်စု အောင်စည်ကုန်း ကျေးရွာမှာ ကပ်ထားတဲ့ မဲစာရင်းစာရွက်တွေ မနေ့က လက်နက်ကြီးကျည်ထိမှန် ပျက်စီးခဲ့တာကြောင့် အဲ့ဒီရွာက ဒေသခံတွေ မဲစာရင်းမှာ အမည်ပါ၊ မပါ စစ်ဆေးဖို့ အခက်အခဲတွေရှိနေပါတယ်။

စစ်တွေမြို့ မင်းဂံရပ်ကွက်ကော်မရှင်ရုံးမှာ ၂၀၂၀ အောက်တိုဘာ ၇ ရက်နေ့က မဲစာရင်းကိုလာကြည့်သူကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြင်ရှည်ကျေးရွာအုပ်စု အောင်စည်ကုန်းကျေးရွာမှာ ကပ်ထားတဲ့ မဲစာရင်း စာရွက်တွေ မနေ့က လက်နက်ကြီးကျည်ထိမှန် ပျက်စီးခဲ့တာကြောင့် အဲ့ဒီရွာက ဒေသခံတွေ မဲစာရင်းမှာ အမည်ပါ၊ မပါ စစ်ဆေးဖို့ အခက်အခဲတွေရှိနေပါတယ်။

မနေ့က မနက်ပိုင်းက မေယုမြစ်ထဲမှာသွားနေတဲ့ တပ်မတော်ရေယာဉ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ မဲစာရင်းတွေကပ်ထားတဲ့ အောင်စည်ကုန်းရွာဘုန်းကြီးကျောင်း ဓမ္မာရုံထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး ကပ်ထားတဲ့ မဲစာရင်းစာရွက်တွေ ပေါက်ပြဲပျက်စီးသွားတာလို့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ပြောပါတယ်။

ပြင်ရှည်ကျေးရွာအုပ်စု အမှတ်(၁)မဲရုံအတွက် ကျား-မ လူဦးရေ ၈၃၂ ဦးရဲ့မဲစာရင်းတွေကို လွန်ခဲ့တဲ့ ၆ ရက်နေ့ လောက်ကစပြီး စစ်ဘေးဒုက္ခသည်တွေခိုလှုံနေတဲ့ အောင်စည်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ကပ်ထားတာပါ။

မဲစာရင်းစာရွက် ထက်ဝက်နီးပါးလောက် ပျက်စီးသွားခဲ့တာလို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ကတော့ မဲစာရင်းတွေ ပျက်စီးသွားတဲ့ကိစ္စကို မသိရသေးပေမယ့် ရပ်ကျေးကော်မရှင်အဖွဲ့က မြို့နယ်ကော်မရှင်အဖွဲ့ထံ တင်ပြပြီး မဲစာရင်းစာရွက်အသစ် လဲလှယ်တာမျိုး လုပ်ဆောင်လို့ရကြောင်း ပြောပါတယ်။

တပ်မတော်ရေယာဉ်တွေက မနေ့က မနက် ၇ နာရီ ၁၅ မိနစ်လောက်ကနေစပြီး အချိန် တစ်နာရီလောက် ကြာအောင် ကုန်းပေါ်က မသင်္ကာတဲ့နေရာတွေကိုလှမ်းပစ်ခဲ့တာဖြစ်ပြီး အဲဒီလက်နက်ကြီးကြောင့် ပြင်ရှည် ကျေးရွာအုပ်စုက အောင်စည်ကုန်း၊ စဖိုကျွန်း၊ ကံပြင်၊ ပြင်ဝန်း စတဲ့ကျေးရွာ ၄ ရွာက ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေနဲ့ နေအိမ် ၁၄ လုံး ပျက်စီးသွားတယ်လို့ ကျေးရွာလူကြီးတွေကပြောပါတယ်

ဒါ့အပြင် ပြင်ဝန်းကျေးရွာက အသက် ၈၈ နှစ်အရွယ် ဦးမောင်စိုး ကိုလည်း လက်နက်ကြီးအစတွေ ထိမှန်သွားလို့ စေတီပြင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာလ ၅ ရက်နေ့က တပ်မတော်စစ်ရေယာဉ်ကို အေအေအဖွဲ့က ထီးစွဲရွာနားကနေ လှမ်းပစ်တာတွေရှိပေမယ့် မနေ့က မနက် ဖြစ်စဉ်ကိုတော့ မသိရသေးဘူးလို့ RFA အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းမှာ ပြောထားပါတယ်။

-----------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org