ရသေ့တောင်မှာ အသတ်ခံရတဲ့ ရုပ်အလောင်း ၃လောင်း တေ့ွရှိ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအုပ်စုမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်း ၃ လောင်းကို မနေ့က နေ့လည်က တွေ့ရှိခဲ့ကြပါတယ်။
-
2017-08-01 -
-
-
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအုပ်စုမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်း ၃ လောင်းကို မနေ့က နေ့လည်က တွေ့ရှိခဲ့ကြပါတယ်။
အဲဒီအလောင်း ၃ ခုထဲက ၂ ခုဟာ ဦးခေါင်းတွေမပါရှိကြဘဲ ကျန်တစ်ဦးကတော့ ဦးခေါင်းပြတ်လုနီးပါးဖြစ်နေပြီး ချွတ်ပြင်ကျေးရွာရဲ့ အရှေ့ဘက် တစ်မိုင်လောက်အကွာ ချွတ်ပြင်ချောင်းထဲမှာ ပုပ်ပွလျက်တွေ့ရှိခဲ့တာဖြစ်တယ်လို့ မနေ့ကထုတ်ပြန်တဲ့ နိုင်ငံတော်အတိုင်ပင်ရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
အဲဒီအလောင်းတွေဟာ ရသေ့တောင်မြို့နယ် အထက်နန်းရာအုပ်စု၊ နီလင်းပေါ်ကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး ရသေ့တောင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
သူတို့တွေကို ဘယ်သူတွေက ဘာကြောင့် သတ်ဖြတ်တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နောက်ထပ်ထုတ်ပြန်ချက်တစ်ခုမှာတော့ အဲဒီအထက်နန်းရာအုပ်စုမှာပါဝင်တဲ့ အထက်နန်းရာကျေးရွာမှာ ပြီးခဲ့တဲ့ တစ်လလောက် က မေယုတောင်ကြောပေါ်မှာ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် အန်နာတူလာ ဆိုသူကို ဖမ်းဆီးအရေးယူထားတယ်လို့လည်း ဖော်ပြထားပါတယ်။
အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာ အတွင်းမှာ နယ်မြေလှည့်ကင်းဆောင်ရွက်ပြီး အန်နာတူလာ ကို စေတီပြင်ရဲစခန်းကို ခေါ်ယူစစ်ဆေးခဲ့ရာမှာ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန် ချက်မှာပါရှိပါတယ်။