ရပ်စောက် NLD အလုပ်အမှုဆောင် ၄ ဦး တာဝန်ရပ်စဲခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ် အမှုဆောင်အဖွဲ့ဝင် ၄ ဦးကို ပါတီတာဝန်တွေကနေ ရပ်စဲလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ကို မြင်ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင် ၄ ဦးကို ပါတီတာဝန်တွေကနေ ရပ်စဲလိုက်ပါတယ်။

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမောင်မောင်စိန် အပါအဝင် ရပ်စောက်မြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင်တချို့ရဲ့ တိုင်တန်းချက်တွေအရ တာဝန်ကနေ ရပ်စဲခံလိုက်ရတာဖြစ်တယ်လို့ ရပ်စဲခံရသူ ဦးအောင်ညွန့် က ပြောပါတယ်။

"ကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့အခါမှာ ကျနော်တို့က ယာဉ်လိုင်းတစ်ခုကို ပါတီရန်ပုံငွေရအောင်ဆိုပြီး ထူ ထောင်လိုက်တယ်။ အသင်းကအောင်မြင်လာတဲ့ အချိန်ကျတော့ လက်ရှိ ကျနော်တို့နဲ့ အတိုက်အခံဖြစ်တဲ့ ပြည်နယ်အတွင်းရေးမှူး ဦးမောင်မောင်စိန် တို့အဖွဲ့နဲ့ ရန်ပုံငွေမထည့်ဝင်တာရယ်၊ စာရင်းမရှင်းတာရယ် အဲ့ကိစ္စနဲ့ ဆွေးနွေးတဲ့အချိန်မှာ ဒီအသင်းဟာ ပါတီပိုင်အသင်းမဟုတ်ဘူး၊ သူ့ကိုယ်ပိုင်အသင်းဖြစ်တယ်ဆိုပြီး အငြင်းပွား လာတာပေါ့။ ကျနော်တို့က သက်ဆိုင်ရာထွေအုပ်ဘာညာကို တင်ပြပြီးမှ စာရင်းရှင်းလင်းပေးဖို့ စာတင်တာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် စာတင်ရမလားဆိုပြီးတော့ သူအပါအဝင် ၁၄ ဦး အလုပ်အမှုဆောင်ထဲကပေါ့ဗျာ ဟုတ်တာရော၊ မဟုတ်တာရော ၁၄ ဦးကို ခေါ်ပြီးတော့မှ အစည်းဝေးထိုင်ပြီး ကျနော်တို့ကို CEC ကို တိုင် တာပေါ့ဗျာ"

မြို့နယ်အလုပ်အမှုဆောင်တာဝန်တွေကနေ ရပ်စဲခံလိုက်ရသူတွေက ဦးအောင်ညွန့် အပြင် ဦးခွန်မောင်စိုး၊ ဒေါ်ခင်ညိုနဲ့ ဒေါ်စုစုထွန်းတို့ ဖြစ်ပါတယ်။

ဦးအောင်ညွန့်ကို အိမ်ခြံစည်းရိုးကာရာမှာ ပါတီငွေကို သုံးစွဲတယ်၊ တောင်သူတွေရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ရာမှာ ငွေရယူတယ်ဆိုပြီး စွပ်စွဲတိုင်ကြားတာဖြစ်သလို ဦးခွန်မောင်စိုးကတော့ အလုပ်အမှုဆောင် အဖွဲ့က မသိရှိဘဲ ပါတီအမည်နဲ့ စာတွေထုတ်ပြန်တာရှိတယ်ဆိုပြီး တိုင်ကြားခံရတာ ဖြစ်ပါတယ်။

ဒေါ်စုစုထွန်းဟာ ပြင်ပငွေကြေး အရှုပ်အရှင်းရှိတယ်ဆိုပြီး တိုင်ကြားခံရတာဖြစ်ပြီး ဒေါ်ခင်ညိုကတော့ ပါတီ အောင်နိုင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အားနည်းတဲ့အပြင် အလုပ်အမှုဆောင်ကော်မတီဝင်တွေကို မကြာခဏ တိုင်တန်းတာတွေရှိတာကြောင့် ပါတီကို သွေးကွဲအောင်လုပ်ဆောင်သလိုဖြစ်တယ်ဆိုတဲ့ အချက်တွေနဲ့ တိုင်ကြားခံရတာ ဖြစ်ပါတယ်။

တိုင်တန်းချက်တွေအရ ပြည်နယ်ကော်မတီဝင်တွေ ဦးဆောင်ပါဝင်တဲ့အဖွဲ့က ခုံရုံးဖွဲ့ စစ်ဆေးခဲ့ပြီး ပါတီဗဟိုက တာဝန်ကနေ ရပ်စဲကြောင်းအကြောင်းကြားစာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

တာဝန်ကနေရပ်စဲခံရသူတွေဟာ လက်ရှိမှာ ပါတီဝင်အဖြစ် ဆက်လက်ရပ်တည်နေပြီး တိုင်ကြားချက်တွေဟာ စွပ်စွဲချက်တွေသာ ဖြစ်တဲ့အကြောင်း ပြည်နယ်ပါတီအလုပ်အမှုဆောင်အဖွဲ့ထံ အကြောင်းကြားစာ ထပ်မံပေးပို့ သွားမယ်လို့ ဦးအောင်ညွန့် ကပြောပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org