ရေဦးမြို့မှာ NLD အမတ်နေအိမ် အပါအဝင် အိမ်သုံးလုံး ချိတ်ပိတ်ခံရ
စစ်ကိုင်းတိုင်း ရေဦးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်းသိန်းရဲ့ နေအိမ်အပါအဝင် နေအိမ် သုံးလုံးကို စစ်ကောင်စီက ဇန်နဝါရီလ ၁၃ ရက် မနေ့ညနေပိုင်း လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-01-14
-
-
-
စစ်ကိုင်းတိုင်း ရေဦးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်းသိန်းရဲ့ နေအိမ်အပါအဝင် နေအိမ် သုံးလုံးကို စစ်ကောင်စီက ဇန်နဝါရီလ ၁၃ ရက် မနေ့ ညနေပိုင်း လာရောက်ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မနေ့ ညနေ ၅ နာရီခွဲ လောက် စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့တွေက လာရောက် ချိတ်ပိတ်သွားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ညနေလောက်လာပြီး ချိတ်ပိတ်ကြတာ၊ ဒေါက်တာမင်းသိန်းတို့၊ ဦးဇော်မင်းထွန်း တို့ဆိုတာက မြို့မှာ မရှိကြဘူး၊ သူတို့တိမ်းရှောင်နေကြတာကြာပြီ”
အပိတ်ခံရတဲ့ အိမ်တွေက ရေဦးမြို့ အောင်ဆန်းရပ်ကွက် ၄ လမ်းက ဒေါက်တာ မင်းသိန်းရဲ့နေအိမ်၊ ၃ လမ်းက NLD ပါတီထောက်ခံသူ ဦးဇော်မင်းထွန်းရဲ့နေအိမ်နဲ့ ရေဦး - ဒီပဲယင်းလမ်းပေါ်က ပြည်သူတစ်ဦးရဲ့ နေအိမ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုးရဲ့ နေအိမ်ကို စစ်ကောင်စီဘက်က လာရောက်ချိတ်ပိတ်ခဲ့သလို ရေဦးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့ နေအိမ်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက ချိတ်ပိတ်ခံထားရပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်ထိ နေအိမ်နဲ့ အဆောက်အအုံ ချိတ်ပိတ်ခံထားရတဲ့ NLD ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝန်းရံတဲ့ ပြည်သူ စုစုပေါင်း ၇၇ ဦးရှိပြီလို့ NLD ပါတီက ဇန်နဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။