ရေစကြိုမြို့နယ်က ရွာတချို့ကို စစ်တပ်ဝင်စီးလို့ ရွာလုံးကျွတ် ထွက်ပြေးနေရ
ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံရာ မကွေးတိုင်း ရေစကြိုမြို့နယ်ထဲ ရေလယ်ကျွန်း ပေါ်က ရွာတချို့ကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်းနေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-11-17
-
-
-
ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံရာ မကွေးတိုင်း ရေစကြိုမြို့နယ်ထဲ ရေလယ်ကျွန်းပေါ်က ရွာတချို့ကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်း နေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေလယ်ကျွန်းက မင်းရွာမှာ ညအိပ်စခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၁၇ ရက်နေ့ ဒီနေ့မနက်မှာ ကျွန်းရဲ့ကုန်းတွင်းပိုင်းရွာတွေကိုလည်း သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အကုန်လုံးပြေးနေကြရတာ ရွာလုံးကျွတ်တွေ၊ ဧရာဝတီနဲ့ နီးတဲ့ဘက်က ဧရာဝတီမြစ်ကို ကူးပြီး ဟိုဘက်တွေ သွားနေကြရတာ။ ချင်းတွင်းနဲ့ နီးတဲ့သူတွေက ချင်းတွင်းတစ်ဘက်ကို ကူးကြတယ်။ ဒီဘက်က ထွက်လာပြီဆိုရင် သူတို့နဲ့ ဝေးတဲ့ရွာတွေကို ရွာလုံးကျွတ် ပြေးပေါ့။ မနက်အစောကြီးကတည်းက ပြေးကြရတာ”
အဲဒီ ကျွန်းပေါ်မှာပဲ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး စုစုပေါင်း အင်အား ၆၀ လောက်ပါတဲ့ နောက်ထပ်တစ်ဖွဲ့ကလည်း ကမ်းနားတစ်လျှောက်က ညောင်ပင်၊ ဝါဘိုး၊ ထန်းတော စတဲ့ရွာကိုတွေ ဒီနေ့မနက်ပိုင်းက သေနတ်တွေနဲ့ ပစ်ခတ်ဝင်စီးနင်းခဲ့သလို ကျွန်းရဲ့ ကုန်းတွင်းပိုင်း ရွာတွေဖြစ်တဲ့ ကျွန်းညို၊ နွယ်နီ၊ လှေခုတ် စတဲ့ရွာတွေကိုလည်း သေနတ်တွေနဲ့ ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့လို့ လူပေါင်း သုံးထောင်လောက် ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ ညနေပိုင်းမှာလည်း ရေရှားဆိုတဲ့ ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့လည်း ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့တုန်းက မင်းရွာက စစ်ကောင်စီ သတင်းပေးလို့ နာမည်ကြီးနေတဲ့ မင်းရွာအုပ်ချုပ်ရေးမှူးရဲ့ အိမ်မီးရှို့ခံရပြီး နောက်တစ်ရက်မှာ အဲဒီ ရေလယ်ကျွန်းက ရွာတွေဆီ စစ်ကောင်စီ တပ်သားတွေ ရောက်ခဲ့ကြတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ လှေခုတ်ရွာထဲ ဝင်ရောက်စီးနင်းရာ သူတို့မိုင်းခွဲ တိုက်ခိုက်ခံရမှာစိုးလို့ ဒေသခံ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသား ခုနှစ်ဦးတို့ကို ဖမ်းဆီး လမ်းပြအဖြစ်ခိုင်းစေခဲ့ပြီး သူတို့တွေ ပြန်လွတ်၊ မလွတ်တော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းနေတဲ့ အခြေအနေတွေကို မေးမြန်းနိုင်ဖို့တွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
လက်ရှိမှာ စစ်ကောင်စီ တပ်သားတွေက မင်းရွာမှာ တပ်စွဲထားလို့ ဒေသခံ ရွာသားတွေလည်း ရွာထဲပြန် မဝင်ရဲကြသေးဘူးလို့ သိရပါတယ်။