ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး

ရုပ်ရှင်မင်းသားရဲတိုက် ထူထောင်တဲ့ ရဲတိုက်ဖောင်ဒေးရှင်းကနေ ကချင်စစ်ပြေးဒုက္ခသည်တွေ အတွက် အကူအညီ ထပ်မံပေးအပ်ခဲ့တယ်လို့ ဝိုင်းမော်မြို့က ဒုက္ခသည်စခန်းတွေ သွားရောက်ခဲ့တဲ့ စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။

ရုပ်ရှင်မင်းသားရဲတိုက်ရဲ့ ရဲတိုက်ဖောင်ဒေးရှင်းက ဝိုင်းမော်မြို့ရှိ ကချင်စစ်ပြေးဒုက္ခသည်များကို မေလဆန်းပိုင်းက သွားရောက်လှူဒါန်းကူညီနေပုံ။ (ဓာတ်ပုံ- ရဲတိုက်ဖောင်ဒေးရှင်း) Courtesy of Ye Deight Foundation

လက်ရှိအနေနဲ့ ပစ်ခတ်မှုများ ရှိနေတာကြောင့် ဧပြီလတုန်းက ရှိခဲ့တဲ့ ဒုက္ခသည် ဦးရေထက် မေလထဲမှာ  နှစ်ဆတိုးလာတယ်လို့ ဦးကျော်ရင်မြင့်က ပြောပါတယ်။

"ဝိုးမော်ဇုံ နှစ်ချင်းအသင်း သာသနာဝင်းအတွင်းမှာ အခုဆိုရင် ၉၀၀ နီးပါးလောက် ရောက်နေပြီ။ ဧပြီလတုန်းကဆိုရင် ၄၅၀ လောက်ပဲရှိတယ်။ အခက်အခဲပေါင်းစုံ အများကြီးပဲ။ ဝါးလုံးတိုင်ထူပြီးတော့မှ မိုးကာဖျင်မိုးကာပြီးတော့ နေရတာ။ အခု ရဲတိုက် ဖောင်ဒေးရှင်းကနေပြီးတော့မှ KBC ခရစ်ယာန်အသင်းတွေနဲ့ အဆောက်အဦး ဆောက်ဖို့အတွက် အကူအညီတွေ ပေးခဲ့တယ်။ ဝိုးမော်မှာရှိတဲ့ လော်ဝေါ် ဘုရားကျောင်းတို့၊ ဗုဒ္ဓဘာသာ သာဂရ ကျောင်းတိုက်တို့ အဲဒီက ဒုက္ခသည်စခန်းတွေကိုလည်း သွားခဲ့ကြတယ်။ အရင်ကလည်း ရုပ်ရှင်မင်းသားရဲတိုက် ကိုယ်တိုင် အဲဒီနေရာတွေကို သွားပြီးတော့ အများကြီး ကူခဲ့ပါတယ်။ ဒါက နောက်ဆက်တွဲပေါ့။"

ဒါ့အပြင် ဧပြီလတုန်းက ချီဘွေမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရသွားပြီး အခု ဝိုင်းမော်ရောက်နေတဲ့ ခရစ်ယာန်သင်းအုပ် ဆရာကိုလည်း ဖောင်ဒေးရှင်းက ကူညီခဲ့တယ်လို့ ပြောပါတယ်။ကချင်ပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေကို မြန်မာစစ်တပ်က ပစ်ခတ်နေတဲ့ အတွက် ဘုရားကျောင်း မတက်နိုင်တော့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

ချီဘွေမှာဆိုရင် ဘုရားကျောင်းတက်ဖို့ ခေါင်းလောင်းထိုးချိန်မှာ ခရစ်ယာန်ကျောင်း သုံးကျောင်းကို ဧပြီ လကုန်ပိုင်းတုန်းက မော်တာနဲ့လှမ်းပစ်တဲ့အတွက် ကျောင်းပိတ်ထားရတယ်လို့ ဆိုပါတယ်။

ရဲတိုက်ဖောင်ဒေးရှင်းက ပေးတဲ့ အကူအညီကို စာရေးဆရာ ကျော်ရင်မြင့်၊ သတင်းစာဆရာ ရဲနိုင်မိုးနဲ့ ပန်းချီ ဒီဇိုင်းဆရာ စိုးဝင်းငြိမ်းတို့ သွားရောက် လှူဒါန်းတာ ဖြစ်ပြီး မန္တလေးကို မနေ့က ပြန်ရောက်လာတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org