တန်ဖိုးနည်းအိမ်ရာဝယ်ယူဖို့ လျှောက်ထားသူများနေ
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရောင်းချပေးမယ့် တန်ဖိုးနည်းတိုက်ခန်း အရေအတွက်ထက် ဝယ်ယူဖို့လျှောက်ထားသူ အရေအတွက်ဟာ အဆ ၂၀ လောက် များနေတယ်လို့ ပြည်သူ့ အိမ်ရာကော်မတီ အဖွဲ့ဝင်တွေက ပြောပါတယ်။
-
2018-04-09 -
-
-
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရောင်းချပေးမယ့် တန်ဖိုးနည်းတိုက်ခန်း အရေအတွက်ထက် ဝယ်ယူဖို့လျှောက် ထားသူ အရေအတွက်ဟာ အဆ ၂၀ လောက် များနေတယ်လို့ ပြည်သူ့အိမ်ရာကော်မတီ အဖွဲ့ဝင်တွေက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းက ခရိုင် ၄ ခုမှာ လျှောက်လွှာ ၄ သောင်းကျော် ဖြန့်ဝေခဲ့ရာမှာ လျှောက်ထားသူ ၂ သောင်း ဝန်းကျင်လောက်ရှိတယ်လို့ ပြည်သူ့အိမ်ရာကော်မတီ အဖွဲ့ဝင် တောင်ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးညီညီ က ပြောပါတယ်။
"ဒီကြားထဲမှာလည်း အလုပ်က တအားကြပ်တော့ ဘယ်နှစ်စောင်ရှိပြီလဲဆိုတာ ကျနော်တို့ စိစစ်မှုတော့ မရှိသေးပါဘူး၊ သို့သော်လည်း ကော်မတီမှာရှိနေတဲ့ အားလုံးရဲ့ ခန့်မှန်းခြေအရဆိုရင်တော့ ၂ သောင်းဝန်း ကျင်လောက် ခန့်မှန်းထားပါတယ်၊ ရန်ကုန်တိုင်းတစ်တိုင်းလုံးအနေနဲ့ ၄ ခရိုင်မှာ လျှောက်လွှာပေါင်း ၄ သောင်းကျော်ကို ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်၊ ၄ သောင်းကျော်မှာမှ အိုးအိမ်ကို မေးကြည့်တဲ့အခါမှာ ၂ သောင်း ဝန်းကျင်လောက်ရှိမယ်လို့ သူတို့ ခန့်မှန်းထားပါတယ်"
ရန်ကုန်တိုင်းအစိုးရက တန်ဖိုးနည်းတိုက်ခန်းပေါင်း ၁ ထောင်ကျော်ကို ရောင်းချပေးဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လယ်ပိုင်းကနေ မတ်လကုန်ပိုင်းအထိ လျှောက်လွှာတွေ လက်ခံခဲ့တာဖြစ်ပါတယ်။
အဲဒီလျှောက်လွှာတွေကို တစ်စောင်ကို ငွေကျပ် ၁ ထောင်ကျပ်နှုန်းနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွေကနေ ရောင်းချခဲ့တာဖြစ်ပါတယ်။
လျှောက်ထားသူဟာ အမှန်တကယ် မြေ သို့မဟုတ် နေအိမ်ပိုင်ဆိုင်မှုမရှိသူ ဖြစ်ရမှာပါ။ လျှောက်လွှာ နှစ်သောင်းဝန်း ကျင်လောက်ထဲကနေ ပြည်သူ့အိမ်ရာကော်မတီက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိ မရှိ စိစစ်ပြီး ပြန်လည်ကြေညာပေးမှာဖြစ်တယ်လို့ ဦးညီညီက ပြောပါတယ်။
သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာနဲ့ လှိုင်သာယာစတဲ့ မြို့နယ်တွေမှာရှိတဲ့ ငွေကျပ်သိန်း ၁၀၀ ကနေ သိန်း ၆၀၀ လောက်အထိရှိတဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းတွေကို ရောင်းချသွားမှာလည်းဖြစ်ပါတယ်။
ပုံမှန်တစ်လဝင်ငွေ ၃ သိန်းကနေ ၅ သိန်းကြားရှိတဲ့သူတွေကစပြီး တန်ဖိုးနည်းအိမ်ရာကို လျှောက်ထားလို့ရပြီး ဆောက်လုပ်ရေးဘဏ်က ငွေထုတ်ချေးမှာဖြစ်တဲ့အတွက် အဲဒီဘဏ်မှာ ငွေစုထားတဲ့သူတွေကို ဦးစားပေးထည့်သွင်း စဉ်းစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခန်းတွေကို ဝယ်ယူမယ့်သူတွေ လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တွေထဲမှာ အမှန်တကယ် အိမ် သို့မဟုတ် မြေပိုင်ဆိုင်မှုမရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်အပြင် သက်ဆိုင်ရာ မြို့နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်လည်း ပါရှိရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာဖြစ်ပါတယ်။