သြင်္ကန်မဏ္ဍပ်များ ကန့်သတ်မှု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ရှင်းလင်း
ရန်ကုန်မြို့မှာ ဒီနှစ်မဏ္ဍပ်အရေအတွက် ကန့်သတ်ခွင့်ပြုထားတာကို အနုပညာ ရှင်တွေအနေနဲ့ နားလည်မူရှိရှိ ပူးပေါင်း ပါဝင်ပေးကြဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း တိုက်တွန်းပြောကြားပါတယ်။
-
2016-04-04 -
-
-
ရန်ကုန်မြို့မှာ ဒီနှစ်မဏ္ဍပ်အရေအတွက် ကန့်သတ်ခွင့်ပြုထားတာကို အနုပညာရှင်တွေအနေနဲ့ နားလည်မူရှိရှိ ပူးပေါင်းပါဝင်ပေးကြဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တိုက်တွန်းပြောကြားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အားလုံးမှာ သြင်္ကန်ပွဲတော်ကို စည်စည်ကားကား ကျင်းပလို တာကြောင့် နေရာတစ်နေရာထဲမှာ မဏ္ဍပ်တွေကို စုပြုံဆောက်ခွင့်မပြုတာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အနုပညာရှင်တွေကို ပြောပါတယ်။
"ဒီကာလကလေးမှာ ဂီတအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ၊ တခြားတခြားသောအသံတွေ သူတို့ဒီဟာလေး ကို ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနဲ့ ဖြတ်ချင်တဲ့သူတွေ အများကြီးရှိပါတယ်၊ အဲ့ဒီနယ်လိုဖြစ်နေတဲ့ အခြေအနေပေါ့ဗျာ ကျနော့်မဲဆန္ဒနယ်လိုဖြစ်တဲ့ လှည်းကူးတို့ မှော်ဘီတို့ တိုက်ကြီးတို့ဆို ဒီရန်ကုန်ကနေ သွားရောက်ဖျော်ဖြေနိုင်သူတွေ တော်တော်နည်းပါတယ်၊ အဲ့လိုနေရာမျိုးတွေအထိ ကျနော်တို့ စည်ကားစေ လိုပါတယ်၊ ရန်ကုန်မြို့ထဲမှာလည်း ရန်ကုန်မြို့လယ်နဲ့ ကန်ပတ်လမ်းနဲ့ အင်းလျားကန်ဘေးလောက်ကိုပဲ အခြေအနေမျိုးကို ကျနော်တို့ မဖြစ်စေချင်ပါဘူး"
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သဘင်၊ဂီတ၊ရုပ်ရှင် အနုပညာရှင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ သြင်္ကန်ကျင်းပမယ့် အစီအစဉ်တွေကို ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။
သြင်္ကန်ကာလအတွင်း အင်လျားကန်ပတ်လမ်း၊ ကန်တော်ကြီးနဲ့ ကမ္ဘာအေးဘုရား လမ်းတွေမှာသာ လူစည်ကားတာမျိုးကို မဖြစ်စေလိုတာကြောင့် ကမ္ဘာအေးဘုရားလမ်းမှာ ဆောက်လုပ်ခွင့် လျှောက်ထားတဲ့ မဏ္ဍပ် ၃ဝဝ ကျော်ကို ခွင့်ပြုချက် မပေးတာဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဒါ့အပြင် သြင်္ကန်မှာ မဏ္ဍပ်အရေအတွက်တွေ လျော့နည်းသွားတဲ့အတွက် ပရိသတ်ကို ဖျော်ဖြေကြမယ့် အနုပညာရှင်တွေ အခက်အခဲ ရှိမယ်ဆိုတာ နားလည်ကြောင်းလည်း ပြောပါတယ်။
အစိုးရက စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်မပေးတဲ့အတွက် လူစည်ကားရာ လမ်းမကြီးပေါ်မှာ ရှိတဲ့ တချို့နေအိမ်တွေရှေ့မှာ မြေနေရာ ငှားရမ်းခ သိန်းထောင်ချီပေးဖို့ ဈေးခေါ်နေသူတွေအနေနဲ့လည်း ဥပဒေကြောင်းအရ အခွန်အခပေးရမယ်ဆိုတာ နားလည်ဖို့လိုအပ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
၂၀၁၆ ခုနှစ် သြင်္ကန်ကာလမှာ စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်မပေးတာဟာ သြင်္ကန်ကို ခုတုံးလုပ်ပြီး အဲဒီ မဏ္ဍပ်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို တားဆီးနိုင်ရေးအပါအဝင် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်ကုန်မြို့မှာ ဖမ်းဆီးမိခဲ့တဲ့ လက်နက်ခဲယမ်းတွေရဲ့ အန္တရာယ်ကို စိုးရိမ်လို့ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီနေ့ အစည်းအဝေးကို တက်ရောက်လာတဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်က နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ သြင်္ကန်အစဉ်အလာကို ပြောင်းလဲခဲ့တာကြောင့် ပြည်သူတွေ ရဲ့တုန့်ပြန်မှုကို ဖြေရှင်းရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအတွက် စိန်ခေါ်မူတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
လူငယ်ပိုင်း ဂီတ အနုပညာရှင်တွေကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ မဏ္ဍပ်ဆောက်လုပ်ခွင့် မပေးတဲ့အတွက် ရေကစားချင်တဲ့ လူငယ်တွေ အခက်အခဲရှိကြောင်း ဆွေးနွေးခဲ့ပါတယ်။