လွှတ်တော်ကိစ္စတွေကို တရားစွဲပိုင်ခွင့်မရှိကြောင်း ပြဌာန်းချက်ကို ရှင်းလင်းဖို့ မေးမြန်း
လွှတ်တော်တွေမှာ ဆွေးနွေးတဲ့ အစီရင်ခံစာတွေ၊ လွှတ်တော်မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုပိုင်ခွင့် မရှိစေရဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌာန်းထားတဲ့ အဓိပ္ပာယ် အတိအကျကို ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက အခြေခံဥပဒေခုံရုံးကို တိုင်းလွှတ်တော် ဥက္ကဋ္ဌကနေတဆင့် ဒီနေ့ မေးမြန်းလိုက်ပါတယ်။
-
2018-10-17 -
-
-
လွှတ်တော်တွေမှာ ဆွေးနွေးတဲ့ အစီရင်ခံစာတွေ၊ လွှတ်တော်မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုပိုင်ခွင့် မရှိစေရဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌာန်းထားတဲ့ အဓိပ္ပာယ်အတိအကျကို ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက အခြေခံဥပဒေခုံရုံးကို တိုင်းလွှတ်တော် ဥက္ကဋ္ဌကနေတဆင့် ဒီနေ့ မေးမြန်းလိုက်ပါတယ်။
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ တိုင်းလွှတ်တော်မှာ တင်ပြခဲ့တဲ့ အစီရင်ခံစာနဲ့ ဆွေးနွေးချက်တွေကို အခြေခံပြီး ရေးသားခဲ့တဲ့ ဆောင်းပါးကြောင့် Weekly Eleven က အယ်ဒီတာချုပ်၊ အကြီးတန်းအယ်ဒီတာနဲ့ တာဝန်ခံ အယ်ဒီတာတို့ ၃ ယောက်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့အပြီး အခုလိုမျိုး ကိစ္စတွေအပေါ် အခြေခံ ဥပဒေအရ အကာအကွယ် ပေးနိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းလိုက်တာဖြစ်ပါတယ်။
သာမန်အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူအားလုံးနဲ့ သက်ဆိုင်ပေမယ့် အခြေခံဥပဒေ ပုဒ်မ ၁၈၇ မှာပါတဲ့ အကြောင်းအရာဟာ ဘယ်လိုလူတွေ၊ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်သလဲ၊ ပြည်သူတွေ၊ မီဒီယာတွေနဲ့ရော သက်ဆိုင်သလားဆိုတာ တိတိကျကျသိရဖို့ ဒီနေ့မှာပဲ လက်မှတ်ထိုးပြီး လွှတ်တော်ဥက္ကဋ္ဌဆီ တင်လိုက်ပြီလို့ ကော်မတီအတွင်းရေးမှူးဖြစ်တဲ့ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ မရှင်းလင်းတဲ့အချက်တွေကို တိုင်းနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတွေက အခြေခံ ဥပဒေခုံရုံးထံ မေးမြန်းပိုင်ခွင့်ရှိပြီး ကော်မတီရဲ့တင်ပြချက်ကို အခြေခံဥပဒေခုံရုံးထံ ဆက်တင်ပြီး မေးမြန်းဖို့က တိုင်းလွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောထားနဲ့သာ ဆိုင်တယ်လို့လည်း ဦးကျော်ဇေယျက ပြောပါတယ်။
တိုင်းလွှတ်တော်မှာ ပြည်ထောင်စုလွှတ်တော်နည်းတူ စာရင်းစစ်ချုပ် အစီရင်ခံစာတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီးတွေက လာရောက်ရှင်းလင်းတဲ့ အစဉ်အလာတစ်ခုကို ထူထောင်ဖို့ ဒီနေ့ ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြသွားမယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က RFA ကို ပြောပါတယ်။
Weekly Eleven ရဲ့ ရေးသားချက်ကြောင့် တိုင်းအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ၊ အစုရှယ်ယာဝင်တွေရဲ့စိတ်တွေ စိုးရိမ်ထိတ်လန့်တာတွေနဲ့ ကုမ္ပဏီကို အများပြည်သူ အယုံကြည်ပျက် စေတာအပါအဝင် တိုင်းအစိုးရအဖွဲ့ကို အကြည်ညိုပျက်စေတာကြောင့် တရားစွဲဆိုတာလို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။