ဒဂုံဆိပ်ကမ်းမြို့နယ် YMBA အသင်းဥက္ကဋ္ဌ သတ်ဖြတ်ခံရ

ဒဂုံဆိပ်ကမ်းမြို့နယ်က YMBA အသင်းဥက္ကဋ္ဌ ဦးလှကြည်ဟာ ဇွန် ၂၃ ရက်ညမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က ပစ်သတ်ခံရသည့် ဒဂုံဆိပ်ကမ်းမြို့နယ် YMBA အသင်းဥက္ကဋ္ဌ ဦးလှကြည်အား တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရဲ့ မြို့နယ်ဥက္ကဋ္ဌ ဦးလှကြည်ဟာ ဇွန်လ ၂၃ ရက် မနေ့ညမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက် ရတယ်လို့ အဲဒီမြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်အိမ်ရာ (စီ) ဘလောက်၊  (၁) လမ်းကနေအိမ်မှာ ရှိနေချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်နဲ့ ပစ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

“ယုဇနအိမ်ရာ အစွန်ဘက်ကျတယ်။ ကမ်းနားဘက်အခြမ်းမှာပေါ့။ အဲဘက်မှာဖြစ်သွား တာ။ ညက အဲဒီလိုပစ်ခတ်ပြီးတော့ စစ်တပ်က လာစစ်ဆေးတာတွေ လုပ်သွားတယ်။ ဘာကြောင့် လာပစ်သွားတယ် ဆိုတာတော့ မသိဘူး”

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိခဲ့ရဘူးလို့ ယုဇနဥယျာဉ်မြို့တော်မှာ နေထိုင်သူက ဆိုပါတယ်။

ဦးလှကြည်ဟာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် (၉၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သလို စစ်ကောင်စီတပ်ကို ထောက်ခံသူလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးလှကြည်ကို ဘယ်အဖွဲ့ကပစ်ခတ်ခဲ့သလဲဆိုတာ RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးသလို ဒီအပေါ် စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုကတော့ ဦးလှကြည်သတ်ဖြတ်ခံရတာကို အတည်ပြုထားပြီး ဝိုင်အမ်ဘီအေဂုဏ်ရည်ဘွဲ့ကို ချီးမြှင့်လိုက်တယ်လို့ ဇွန်လ ၂၄ ရက် ဒီနေ့မနက်ပိုင်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာကတစ်ဆင့် ကြေညာထားပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်အထိ အမျိုးသားရေးလှုပ်ရှားမှု တွေလုပ်နေတဲ့ YMBA အသင်းရဲ့ မြို့နယ်ဥက္ကဋ္ဌခြောက်ဦး၊ တွဲဖက်အတွင်းရေးမှူးတစ်ဦး၊ အမှုဆောင်နှစ်ဦးနဲ့ သင်တန်းနည်းပြတစ်ဦး စုစုပေါင်း ၁၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး အဲဒီ ၁၀ ဦးကို YMBA ဗဟိုက ဝိုင်အမ်ဘီအေဂုဏ်ရည်ဘွဲ့ ပေးထားပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org