ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ Yoma Strategic ရာထူးမှ နုတ်ထွက်

ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေဟာ စင်ကာပူအခြေစိုက် Yoma Strategic Holdings Ltd. ရဲ့ အမှုဆောင်ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်လိုက်တယ်လို့ Bloomberg က ဇူလိုင်လ ၂၄ မှာ ဖော်ပြပါတယ်။

စင်ကာပူနိုင်ငံတွင် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပသည့် Milken Institute အာရှစီးပွားရေး လုပ်ငန်းရှင်များ ထိပ်သီးညီလာခံတွင် Serge Pun ခေါ် ဦးသိမ်းဝေအား တွေ့ရစဉ်။ Milken Institute

မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ရိုးမဘဏ်ဥက္ကဋ္ဌ Serge Pun ခေါ် ဦးသိမ်းဝေဟာ စင်ကာပူအခြေစိုက် Yoma Strategic Holdings Ltd. ရဲ့ အမှုဆောင်ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်လိုက်တယ်လို့ Bloomberg က ဇူလိုင်လ ၂၄ မှာ ဖော်ပြပါတယ်။

ဦးသိမ်းဝေဟာ မြန်မာနိုင်ငံမှာ အာဏာပိုင်တွေရဲ့ ဆက်လက်စစ်ဆေးမေးမြန်းခံနေရတာကြောင့် သူ့ရဲ့ သားအကြီးဆုံးဖြစ်သူ Melvyn Pun ကို သူ့ရဲ့နေရာမှာ ခန့်အပ်လိုက်တာလို့ ဆိုပါတယ်။

သူရဲ့သားအကြီးဟာ Yoma Strategic Holdings Ltd. ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သလို ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်လို့ Bloomberg က ဖော်ပြပါတယ်။

အခုလအစောပိုင်းမှာ စစ်ကောင်စီဗဟိုဘဏ်က မြန်မာနိုင်ငံမှာ ဦးသိမ်းဝေ လုပ်ကိုင်နေတဲ့ ရိုးမဘဏ်အပါအဝင် ဘဏ်လုပ်ငန်း ခုနစ်ခုကို ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အိမ်ရာချေးငွေပမာဏထက် ကျော်လွန်ပြီး ချေးပေးခဲ့ တာကြောင့် ပြည်တွင်းစီးပွားရေး တည်ငြိမ်ရေးအတွက် အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီနောက် ဦးသိမ်းဝေဟာ စစ်ဆေးမေးမြန်းခံနေရပြီး သူ့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ နေထိုင်နေတယ်လို့ Yoma Strategic က ပြောပါတယ်။

သူတို့ဟာ အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းမှု ပြီးဆုံးတဲ့အချိန်အထိ မြန်မာနိုင်ငံမှာ ဆက်ရှိနိုင်တယ်လို့လည်း ဖော်ပြပါတယ်။

စင်ကာပူစတော့အိတ်ချိန်းကို ရေးသားပေးပို့တဲ့စာမှာတော့ Yoma Strategic Holdings Ltd. ရဲ့ ရှယ်ယာ အများဆုံးဖြစ်တဲ့ ဦးသိမ်းဝေက သူရဲ့ရှယ်ယာတွေကို လျှော့ချဖို့အစီအစဉ်မရှိဘူးလို့ ပြောတဲ့အကြောင်း Bloomberg က ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org