ရန်ကုန် ၄၄ လမ်း ဖမ်းဆီးမှု လူငယ် နှစ်ဦး ​သေဆုံး

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.08.11

ဗိုလ်တထောင်မြို့နယ်၊ (၄၄) လမ်းက တိုက်ခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်ဖမ်းဆီးချိန် တိုက်ပေါ်ကခုန်ချသွားတဲ့ ငါးယောက်ထဲက ကိုရဲမင်းဦးနဲ့ မဝေဝေမြင့် (ခေါ်) ပန်းသီးတို့ ကတော့ နေရာမှာတင် သေဆုံးသွားပြီး သေဆုံးသွားသူတွေနဲ့အတူ စိုးရိမ်ရတဲ့ဒဏ်ရာတွေရခဲ့တဲ့ ကျန်တဲ့သုံးယောက်ကိုတော့ စစ်ကောင်စီရဲ့ မင်္ဂလာဒုံက ကုတင်တစ်ထောင်စစ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ကူညီပေးခဲ့တဲ့ လင်းလက် ပရဟိကအဖွဲ့ထံက သိရပါတယ်။

သေဆုံးဒဏ်ရာရသူတွေနဲ့ အဖမ်းခံရသူတွေထဲမှာ ၁၇ နှစ်အရွယ် အသက်မပြည့်သေးတဲ့သူ အပါအဝင် အများစု က လူငယ်တွေဖြစ်ပြီး ဒီအထဲမှာ ကိုဝေဖြိုးအောင်၊ မောင်သီဟကောင်းဆက်နဲ့ မပိုးကျော်ကျော်ခန့်တို့ကိုတော့ စစ်ကောင်စီက ဖမ်းသွားတယ်လို့လည်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

နှစ်ယောက်ကတော့ နေရာမှာတင် သေဆုံးသွားတာ မြင်လိုက်ရတယ်လို့ ၄၄ လမ်းမှာနေထိုင်ပြီး ကိုယ်တိုင် တွေ့ခဲ့ရသူ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ဖြစ်တဲ့အချိန်မှာ သူတို့ကိုလိုက်ပြတဲ့ ဒလန်လည်းပါတယ်၊ ကျနော်တွေ့တာကတော့ နှစ်ယောက် on the spot ပဲ၊ အရင်တုန်းက တိုက်တွေဆိုတော့ ခေါင်ပေါ်တက်လို့ရတယ်ဗျ၊ ကလေးတွေက သူတို့ရဲ့အတွေးက ခေါင်ပေါ်တက်ပြီး တိုက်တစ်လုံးပေါ်တက်ပြီး ခေါင်ပေါ်ကနေ တောက်လျှောက်ပြေးတာ၊ ပြေးဖို့အတွက် ကလည်း သူက လေးတိုက်လောက်ပဲရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်မှာက ငါးလွှာနဲ့ပိတ်ထားတယ် ဒီဘက်မှာ ရှစ်လွှာနဲ့ ပိတ်ထားတယ်ဆိုတော့ သူက အနိမ့်အလယ်ထဲမှာ၊ နောက်ဟိုဘက်ဒီဘက်ပြေးရင်းနဲ့ မရတော့ဘူး၊ မရတော့ ခုန်ချလိုက်တယ်ပေါ့ဗျာ၊ ခုန်ချလိုက်တဲ့အချိန်မှာ ကလေးနှစ်ယောက်ကတော့ ရေပေးပါ၊ ရေပေးပါဆိုပြီး တောင်းပြီးတော့ သုံးလေးခွန်းလောက်ပဲ ပြောနိုင်တယ်ဗျာ အဲဒီရေပေးပါဆိုတဲ့ စကားကို ပြောပြီးတော့ လုံးဝငြိမ်ကျသွားတယ်ဗျာ၊ လှုပ်တာတွေ ဘာတွေ ဘာမှမမြင်ရတော့ဘူး လုံးဝ ငြိမ်သွားတာ၊ ကျန်တဲ့သုံးယောက်ကကျတော့ လှုပ်တော့ မလှုပ်နိုင်တော့ဘူးပေါ့ဗျာ၊ အမြင့်ကနေကျတာ ဆိုတော့ လုံးဝမလှုပ်နိုင်ဘူး၊ ကျနော့အထင်တော့ ကျိုးသွားပုံရတယ်ဗျ”

(၄၄) လမ်း၊ တိုက်နံပါတ် (၃၈) အပေါ်ဆုံးထပ် ဘယ်ဘက်ခြမ်းမှာ ကိုဗစ် တတိယလှိုင်း စဖြစ်ကတည်းက လူငယ်တွေ စုငှားနေကြတာဖြစ်ပြီး မနေ့ကညနေ ၃ နာရီဝန်းကျင်မှာတော့ အင်အား ၃၀ လောက်ရှိတဲ့ စစ်သား ဝတ်စုံ၊ ကွန်မန်ဒိုဝတ်စုံနဲ့ အရပ်ဝတ်တွေပါတဲ့အဖွဲ့တွေက ကားမှတ်တိုင်နားမှာ လူငယ်တစ်ယောက်ကို စဖမ်း ပြီးနောက်မှာ လမ်းကိုပိတ်လိုက်ကာ တိုက်ခန်းပေါ်က လူငယ်တွေကို ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ လမ်းအတွင်းနေထိုင်သူ ဒေသခံက ပြောပါတယ်။

နေရာမှာတင် သေဆုံးသွားတဲ့ လူငယ်နှစ်ယောက်ရဲ့ အလောင်းတွေကို အိတ်နဲ့ထည့်ပြီး သိမ်ဖြူလမ်းဘက် ကနေ သယ်ထုတ်သွားတယ်လို့လည်း ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောပါတယ်။

"ဟိုဘက်ဒီဘက်ပြေးရင်းနဲ့ မရတော့ဘူး၊ မရတော့ ခုန်ချလိုက်တယ်ပေါ့ဗျာ"

သေဆုံးဒဏ်ရာရသူတွေကို စစ်ကောင်စီက ပို့ခိုင်းတဲ့ မင်္ဂလာဒုံက ကုတင်တစ်ထောင်စစ်ဆေးရုံကို ပို့ဆောင် ခဲ့ရတယ်လို့ လင်းလက်လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

“ဒဏ်ရာရတဲ့ ကလေး သုံးယောက်ပါတယ်၊ ဆုံးသွားတဲ့ကလေး နှစ်ယောက်ပါရှင့်၊ အမျိုးသား လေးဦးနဲ့ အမျိုးသမီး တစ်ဦးပါရှင့်၊ သေဆုံးတာကတော့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါ၊ အားလုံးကတော့ သူတို့နဲ့ သက်ဆိုင်တဲ့နေရာ သူတို့ပို့ခိုင်းတဲ့နေရာ ပို့ရတာဖြစ်တဲ့အတွက် ကုတင်တစ်ထောင်ကို အားလုံး ပို့ရတယ်ရှင့်၊ သေဆုံးတာကတော့ သေချာပါတယ်၊ ဘာလို့လဲဆိုတော့ Verify လုပ်စစ်ပြီးတော့မှ သေဆုံး မှုရှိ၊ မရှိ ဒါမှမဟုတ် ဒဏ်ရာရနေလား၊ သတိမေ့နေလား သေချာစစ်ဆေးပြီးတော့ ပို့ပေးရတာပေါ့နော်၊ ဒဏ်ရာရတဲ့ကလေးတွေလည်း အရေးပေါ် သူနာပြုစုနည်း (First Aid) တော့ လုပ်ပေးရတာပေါ့နော်”

သွားရောက်ကူညီချိန်မှာ သေနတ်ဒဏ်ရာ မတွေ့ရဘဲ ပြုတ်ကျတဲ့ဒဏ်ရာတွေပဲ တွေ့ရပြီး အသက်ရှင်တဲ့ သုံးယောက်မှာ ‌တစ်ယောက်က ခြေထောက်ကျိုးကာ တစ်ယောက်က ခေါင်းထိထားတာကြောင့် ဦးနှောက်နဲ့ အာရုံကြောဌာနကို ပြဖို့လိုတယ်လို့လည်း လင်းလက်လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ယောက်က ဆိုပါတယ်။

နေရာမှာတင် သေဆုံးသွားတဲ့ အသက် (၂၉) နှစ်အရွယ် မဝေဝေမြင့်(ခေါ်) ပန်းသီးရဲ့ အမျိုးသားဖြစ်သူ ဒေါက်တာစိုးမြတ်သူကတော့ သူ့ဇနီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဂူသွင်းသင်္ဂြိုဟ်ပေးချင်လို့ အလောင်းပြန်ရဖို့ စောင့်နေတယ်လို့ RFA ကို ပြောပါတယ်။

“ကြိုးတော့ ကြိုးစားနေတာပေါ့၊ ကျနော့်အတွက်ကလည်း ဘယ်လိုပြောမလဲဆိုတော့ ဒီဟာကြီးက စကစ အာဏာသိမ်းထားတာလေ၊ ကျနော်တို့က ဘာလုပ်လို့ရမှာလဲ၊ သူ့အလောင်းကို ထုတ်မပေးဘူးဆိုရင် ကျနော်တို့က ဘာမှလုပ်လို့မရဘူးလေ၊ အမျိုးသမီးရဲ့ နောက်ဆုံးဆန္ဒတစ်ခုပေါ့နော်၊ သူကိုယ်တိုင် အမြဲ ပြောနေကြ စကားတစ်ခွန်းရှိတာပေါ့နော်၊ သူသေရင် မီးမသင်္ဂြိုဟ်နဲ့ပေါ့နော်၊ သူ့ကိုဂူသွင်းပေးပါလို့ ပြော ဖူးတယ်၊ ကျနော်ကို ဒီဟာလေး နောက်ဆုံးဆန္ဒလေး ဖြည့်ဆည်းပေးချင်လို့ပါဗျာ၊ ကျန်တဲ့ဟာတော့ ဘာမှမရှိပါဘူး”

မဝေဝေမြင့် (ခေါ်) ပန်းသီးဟာ ပုံမှန်အတိုင်းထွက်သွားနေကြဖြစ်ပြီး ဘာကြောင့် ဒီလိုပြုတ်ကျလဲ သေချာ မသိသေးသလို ဒီနေ့အထိ သေဆုံးတဲ့ Dead Body ကို ထုတ်ဖို့ ဆက်သွယ်တာလည်း မရှိသေးဘူးလို့ ဒေါက်တာ စိုးမြတ်သူ က ဆိုပါတယ်။

jumper.jpg
(ရန်ကုန်မြို့ ၄၄ လမ်းမှာ တိုက်ပေါ်ကကျသွားတဲ့ လူငယ်တွေကို သြဂုတ်လ ၁၀ ရက်နေ့က တွေ့ရစဥ်) Photo: CJ

လူမှုကွန်ရက်စာမျက်နှာပေါ် ရောက်ရှိလာတဲ့ ရဲမှူးတစ်ယောက်ရဲ့ သတင်းပေးပို့ချက် အသံဖိုင်ထဲမှာ စစ်ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီး စိုးထွန်း ဦးစီးအဖွဲ့က ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး လူငယ်တွေက အလွတ်ခုန်ချသွားတာလို့ ပြောဆိုထားပါတယ်။

“ခုနက ကျနော်တို့ ဝင်ရှင်းတဲ့အချိန်မှာဗျာ အပေါ်ထပ်ကနေပြီးတော့မှ ခုန်ချတဲ့အတွက်ကြောင့် ငါးယောက် ကတော့ ခုန်ချသွားပါတယ်၊ ဒဏ်ရာတွေကတော့ နည်းနည်းပြင်းထန်တဲ့သဘောရှိပါတယ်၊ ကျနော်တို့ အဲဒါတွေတော့ ရထားပါပြီခင်ဗျာ၊ အပေါ်တက်ရှင်းတဲ့အခါမှာ လူတစ်ယောက်တော့ မိပါတယ်၊ ကျန်တာတွေ ထပ်တင်ပြပါမယ်၊ အလွတ်ကြီးကို ခုန်ချသွားတာပါခင်ဗျာ၊ အားလုံးကတော့ သုံးယောက် ကတော့ မကောင်းတော့ဘူး၊ နှစ်ယောက်ကတော့ ငွေ့ငွေ့လေးပဲ၊ အခုတော့ သိပ်တော့မသေချာတော့ဘူး အဘ”

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သြဂုတ် ၁၁ ရက် ဒီနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ မနေ့က (၄၄) လမ်းဖြစ်စဉ်မှာ နှစ်ယောက်သေ၊ သုံးယောက် ဒဏ်ရာရပြီး အားလုံးကို ကုတင်တစ်ထောင် စစ်ဆေးရုံကို ပို့ဆောင်ထားသလို သုံးယောက် ဖမ်းမိထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖမ်းမိတဲ့ လူငယ်အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို လက်လုပ်ဗုံး၊ ယမ်းပျော့၊ ဗျောက်အိုး အပါအဝင် ဖောက်ခွဲရေးပစ္စည်းတွေလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိ တယ်လို့လည်း ဖော်ပြထားပါတယ်။

မနေ့က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့နဲ့ မပတ်သက်ဘဲ စစ်အာဏာရှင်စနစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန့်ကျင်တော်လှန်နေတဲ့သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

နေရာမှာတင် သေဆုံးသွားသူတွေရဲ့ မိသားစုကို စစ်ကောင်စီဘက်က အခုအချိန်ထိ ဆက်သွယ်လာတာ မရှိသေးသလို မိသားစုတွေကို အသိမပေးဘဲ သင်္ဂြိုဟ်ဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

ဒါ့အပြင် တိုက်ပေါ်ကပြုတ်ကျ၊ ခုန်ချသွားတဲ့အထဲက ဒဏ်ရာပြင်းထန်တဲ့ နောက်ထပ်သုံးယောက်တည်း သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဩဂုတ်လ ၁၀ ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ရဲတွေရဲ့ ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရပ်သား ၉၄၈ ယောက်ရှိသွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။